ရှမ်းပြည်တပ်မတော်- SSA တည်ထောင်ခြင်း ၆၁ နှစ်ပြည့်အခမ်းအနားကို ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် – SSPP/SSA ဗဟိုဌာနချုပ်တွင် ယနေ့ပြုလုပ်ခဲ့သည်ဟု SSPP Info မှ ထုတ်ပြန်ထားသည်။
အဆိုပါ ၆၁ နှစ်ပြည့်အခမ်းအနားကို (SSPP/SSA) နာယက ဗိုလ်ချုပ်ကြီးစေထင်၊ ကော်မတီဝင်များ၊ တပ်ဘက်၊ အုပ်ချုပ်ရေးဘက်ဆိုင်ရာ ဌာနများနှင့် ဒေသခံပြည်သူများ စုပေါင်း၍ ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ယင်းအခမ်းအနားတွင် စစ်ကြောင်း ၁၇ ကြောင်းမှ စစ်အင်အား ၃၀၀၀ ကျော်မှ စစ်ရေးပြ အခမ်းအနားလည်း ပြုလုပ်ခဲ့သည်ဟု SSPP Info က ထုတ်ပြန်သည်။
ယခင်နှစ် SSA တည်ထောင်ခြင်းအခမ်းအနားကို အာရက္ခတပ်တော် -AA ၏ ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင် တက်ရောက်ခဲ့သော်လည်း ယခုနှစ်တွင် တက်ရောက်ခြင်းရှိ၊ မရှိကို မသိရသေးပေ။
၂၀၁၂ ခုနှစ်တွင် မြန်မာစစ်တပ်နှင့် SSPP/SSA သည် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုထားသော်လည်း NCA လက်မှတ်ရေးထိုးထားခြင်း မရှိပေ။ စစ်အာဏာသိမ်းပြီးနောက်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် – SSPP/SSA ၊ ‘ဝ’ ပြည်သွေစည်းညီညွတ်ရေးပါတီ-UWSP၊ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် -NDAA သည် စစ်ကောင်စီနှင့် ငြိမ်းချမ်းရေး ဆွေးနွေးခဲ့သည်။
ထို့အပြင် SSPP/SSA သည် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ -FPNCC အဖွဲ့ဝင်လည်းဖြစ်ပြီး ‘ဝ’သွေးစည်းညီညွတ်ရေးတပ်မတော်နှင့် မဟာမိတ်ဆက်ဆံရေးရှိသည်။
SSPP/SSA ကို ၁၉၆၄ ခုနှစ် ဧပြီလ ၂၄ ရက်တွင် စတင်တည်ထောင်ခဲ့သည်။