သန္တာဖြူ
ကျောက်ဆည် ခရိုင် တပ်ရင်း ၃ မှ တပ်ရင်းမှူးလုံးလုံးနှင့် တပ်ရေး ဗိုလ်ဈာန်ရဲတို့မှ CDM သူနာပြုတစ်ဦး ဖြစ်သည့်အပြင် လက်ရှိ ဆေးတပ်ဖွဲ့ဆေးတပ်စိပ်မှူး ရဲဘော်ယဉ်မွန်အောင်အား မတရားသဖြင့်ကြိမ်ဒဏ်ပေး ခဲ့ပြီး အမျိုးသမီးအခွင့်အရေးချိုးဖောက်ကာ အမျိုးသားများဖြင့် အတူ ထိပ်တုံး ခတ်ခဲ့ခြင်းများ လုပ်ဆောင် ခဲ့သည်ဟု သတင်းရရှိသည်။
ထိုသို့ ခွဲခြားဆက်ဆံခံရခြင်း၊ ဖိနှိပ်ခြင်းနှင့်အတူ အမျိုးသမီးအခွင့်အရေး ချိုးဖောက်ခံရပြီး မတရား အပြစ်ပေးခံရခြင်းအတွက် ကျူးလွန်သူများဖြစ်သည့် တပ်ရင်းမှူးလုံးလုံးနှင့် တပ်ရေး ဗိုလ်ဈာန်ရဲအား ထိရောက်စွာ အရေးယူပေးရန်နှင့် ကျဆင်းသွားသည့် ဂုဏ်သိက္ခာများအတွက် တရားမျှတမှုရရှိအောင် အမျိုးသားညီညွတ်ရေးအစိုးရ NUGနှင့် စစ်ရေးချုပ်ရုံးသို့ တိုင်ကြားသွားမည်ဟု ကျူးလွန်ခံရသူ မယဉ်မွန်အောင်မှ သံလွင်ခက်အား ပြောသည်။
“ဒီလို ကိစ္စတွေ ဖြစ်တယ်ဆိုတာက အကြီးတွေနဲ့ အငယ်တွေ ဖြစ်တာများတယ်။ ရာထူးမတက်မှာ စိုးလို့ အထက်လူကြီးကို လျော်ပေးလိုက်ရတယ်ဆိုတာမျိုးတော့ ကျွန်တော်က မလိုချင်ဘူး။ လူကြီးနေနေ လူငယ် နေနေ ပြစ်ဒဏ်ကိုလုပ်ထားရင် တာဝန်ကိုယူရမယ်။”ဟု မယဉ်မွန်အောင်မှ ပြောသည်။
ယင်းသို့ တပ်ရင်းမှူးမှ လုပ်ငန်းခွင်အတွင်း အမှားအယွင်းတစ်စုံတရာမရှိဘဲ လူမှုရေး အကြောင်းပြချက်ဖြင့် နည်းမျိုးစုံနှင့် ဖိနှိပ်ခြင်းကို ခံခဲ့ရခြင်းကြောင့် တာဝန်မှ နှုတ်ထွက်ခွင့်ပြုရန် ကျောက်ဆည်ခရိုင်တပ်ရင်းသို့ သုံးကြိမ်တိုင်တိုင် စာပို့ခဲ့သည်ဟု ၎င်းက ပြောသည်။
ထိုသို့ စာပို့ခဲ့သော်လည်း အကြောင်းပြန်မှုမရရှိခြင်းကြောင့် စစ်ရေးချုပ်ရုံးသို့ ထပ်မံ၍ တိုက်ရိုက် နှုတ်ထွက် စာပို့ခဲ့သည်ဟု ဆိုသည်။
ယင်းနောက် မတ်လ ၁၇ ရက်တွင် တပ်ရင်းမှူးလုံးလုံးနှင့် တပ်ရေးဗိုလ်ဈာန်ရဲတို့က စစ်ရေးချုပ် မှ ထွက်မပြေးရန် အတွက် တပ်ရင်းတွင်ထိန်းသိမ်းခိုင်းထားရန် ဖုန်းဖြင့်ညွန်ကြားသည်ဟုပြောကာအကြပ်ကိုင် ၍ ခေါ်ယူ ထိန်းသိမ်းခြင်းကို ခံခဲ့ရသည်ဟု သိရသည်။
“ကျွန်တော်ကို လာခေါ်တဲ့အချိန်မှာ တပ်ရင်းမှူးနဲ့ တပ်ရင်းဗိုလ် အပါအဝင် စုစုပေါင်း ၇ ယောက်ပါတယ်။ ဆရာမရဲ့ ဂုဏ်သိက္ခာကို ဂရုစိုက်လို့မို့ ကျွန်တော်က ကြည်ကြည်သာသာခေါ်နေတာ မလုပ်ဘူးဆိုရင် ကြိုး တုပ်ပြီးမှ ခေါ်မယ်။” ဟု ခြိမ်းခြောက်ကာ ခေါ်ဆောင်ခြင်းခံခဲ့ရသည်ဟု ၎င်းက ပြောသည်။
ထိုသို့ ထိန်းသိမ်းခံရပြီးနောက် မတ်လ ၁၈ ရက်နေ့တွင် တပ်ရင်းတွင်း တန်းစီကွင်း၌ ကြိမ်ဒဏ် ၇ ချက် ရိုက်ခံရပြီး ၃ နာရီကြာ ဒဏ်ပေးခံခဲ့ရကာ ခြောက်ပေါက်အချုပ် ၃ ရက် ချုပ်ခံခဲ့ရသည်ဟု မယဉ်မွန်အောင်မှ ပြောသည်။
ပုံမှန်အားဖြင့် တပ်ရင်းများတွင် ကြီးလေးသာအပြစ်များကျူးလွန်သူများကိုတောင် အမြင့်ဆုံး ကြိမ်ဒဏ် ၅ ချက်နှင့် ခြောက်ပေါက် အချုပ် ၁ ရက်သာ ချုပ်ထားလေ့ရှိသော်လည်း ၎င်းအား အပြစ်မရှိပါဘဲ ရိုက်နှက် ခြင်း အတွက် တရားမျှတမှု ရရှိအောင် ဆောင်ရွက်သွားမည်ဟု ဆိုသည်။
ယခုဖြစ်စဉ်နှင့် ပတ်သက်၍ ကျောက်ဆည်တပ်ရင်း ၃ မှ တာဝန်ရှိသူများအား ဆက်သွယ်မေးမြန်းရာတွင် ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ အဖွဲ့အစည်းဖြစ်သောကြောင့် အဆိုပါဌာနသို့သာ တိုက်ရိုက်မေး မြန်းပါဟု ပြန်လည်ပြောကြားခဲ့သည်။
“ကျွန်တော်တို့က ဝန်ကြီးဌာနအောက်ကဖြစ်တာရယ် ပြဿနာက မလိုအပ်ဘဲ အကျယ်ချဲ့ပြီး personal attack အလုပ်ခံထားရတာရယ်မို့ ဝန်ကြီးဌာနဖက်က ကြိုတင် ဆင်ခြင်ဖို့ ပြောထားလို့ပါဗျ။”ဟု ကျောက်ဆည်တပ်ရင်း ၃ မှ တာဝန်ရှိသူ တစ်ဦးမှ ပြောသည်။
ကာကွယ်ရေးဝန်ကြီးဌာန၏ အီးမေးလ်အား ဆက်သွယ်၍ မေးခွန်းများပေးပို့ခဲ့သော်လည်း လက်ရှိအချိန်ထိ ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ သို့သော် ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေမှ အဆိုပါ အမှုအား စစ်ဆေးနေသည်ဟု နီးစပ်သူများမှ ဆိုသည်။
တော်လှန်ရေးလက်နက်ကိုင်အစုအဖွဲ့များကြားထဲတွင် အထက်လူကြီးနှင့် လက်အောက်ငယ်သားများကြား ယခုကဲ့သို့ အငြင်းပွားမှုများ ဖြစ်ပွားလျက်ရှိသော်လည်း တော်လှန်ရေးဂုဏ်သိက္ခာကျဆင်းမည်ကို စိုးရိမ် ခြင်းနှင့် လုံခြုံရေး အခြေအနေများအား ငဲ့ကွက်၍ ရေငုံနှုတ်ပိတ်နေနေသည့် ဖြစ်စဉ်များ ရှိနေသည်ဟု ကျောက်ဆည်မြို့နယ် ပကဖတာဝန်ခံ ကိုစိုးသီဟမှ သုံးသပ်သည်။
“ အခုဖြစ်တဲ့ ပြဿနာက ပုဂ္ဂိုလ်ရေး အငြင်းပွားနေကြတာ မဟုတ်ဘူး။ အမှန်တရားကိုရှာဖွေနေတာဖြစ် ပါတယ်။ ကျွန်တော်တို့က လူတယောက်ရဲ့ ပုံရိပ်ကို ရိုက်ချိုးတာမဟုတ်ဘူး။ မတရားမှုကိုတော်လှန်တဲ့သူ တွေက မတရားမှုကို ခံနေရပြီဆိုရင် မဟုတ်တော့ဘူး။ တော်တော်လွဲမှားနေပြီ။ ဒါကိုလည်း အထက်လူကြီး တွေ သိစေချင်တယ်။ သေချာလေး စီစစ်ထိန်းကျောင်းကြပ်မတ်စေချင်တယ်။”ဟု ကိုစိုးသီဟမှ ပြောသည်။
ထိုကြောင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်မှ စတင်ကာ CDM သူနာပြုလုပ်ခဲ့ပြီး တော်လှန်ရေးတွင်လည်း ဆေးတပ်မှူးတာဝန်ထမ်းဆောင်ခဲ့သည့် မယဉ်မွန်အောင်သည် ၎င်းအား တပ်ရင်းမှ လူများရှေ့တွင် လူ့အခွင့်အရေး ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခဲ့သူများအား ထိရောက်သည့် ပြစ်ဒဏ်ချမှတ်သည့်အထိ ဆောင်ရွက်သွားမည်ဟု ဆိုသည်။
ပုံစာ – မတရားသဖြင့် ကြိမ်ဒဏ်ရိုက်ခံရခြင်းကြောင့် ရရှိထားသည့် ဒဏ်ရာများ



