ခင်သရဖီဦး
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြိုနယ် အောင်ဖြူပြင်ရွာကို မတ်လ ၂၅ ရက် ညနေ ၇ နာရီတွင် စစ်ကောင်စီမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ၃ ဦးသေဆုံးခဲ့ပြီး မတ်လ ၂၆ ရက်တွင် ဆေးကုသမှုခံယူရင်း နောက်ထပ် ၂ ဦးထပ်မံ သေဆုံးခဲ့ပြီး လက်ရှိအချိန်ထိ သေဆုံးသူ ၅ ဦး အထိရှိသည်ဟု ပုဏ္ဏားကျွန်း ဒေသခံများ ထံမှ သိရသည်။
ယင်းသို့ ဗုံးကြဲခံရခြင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၁၄ ဦးရှိပြီး ပြင်းထန်စွာဒဏ်ရာရရှိသူများဖြစ်သည့် ပုဏ္ဏားကျွန်းမြိုနယ် ချောင်းဝကျေးရွာမှ ကိုရဲလင်းစိုး အသက် ၂၃ နှစ်နှင့် စံပြရပ်ကွက်မှ မအေးမြတ်ဝေ ၁၅ နှစ်တို့မှာ ဆေးကုသမှု ခံယူရင်း မတ်လ ၂၆ ရက်တွင် သေဆုံးသွားကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လ ၂၅ ရက်က စစ်ကောင်စီမှ ပေါင် ၅၀၀ ဗုံးကြဲချခြင်းကြောင့် သေဆုံးသွားသူများမှာ ပုဏ္ဏားကျွန်းမြို၊ လိပ်ကုန်းပြင် ရပ်ကွက်မှ ဖခင် ဦးသန်းမောင်၊ မိခင် ဒေါ်မရီ နှင့်သား ကိုမောင်သက်နိုင်တို့ ဖြစ်သည်။
ပုဏ္ဏားကျွန်း ဒေသခံတစ်ဦးက “မနေ့က ဆေးကုသမှု ခံယူနေရင်း နောက်ထပ် နှစ်ယောက်သေသွားတာပါ။ သေတဲ့လူတွေက ထပ်တိုးလာနိုင်ပါတယ်။ ဒဏ်ရာက ဦးခေါင်းတွေမှာ ရသွားတဲ့လူတွေလည်း များတယ်။ တော်တော်ပြင်းထန်တော့လေ။” ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် ကျန်ရှိသည် ထိခိုက်ဒဏ်ရာရရှိသူများအား ဆေးကုသလျက်ရှိပြီး ဦးခေါင်းပိုင်းထိခိုက်ထား သူများလည်း ရှိနေခြင်းကြောင့် အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေတွင် ရှိသည်ဟု သိရသည်။
ယင်းအပြင် ဗုံးဒဏ်ကြောင့် အောင်ဖြူပြင်ရွာ ဘုန်းတော်ကြီးကျောင်းမှာ ပျက်စီးသွားပြီး အဆိုပါ ဘုန်းကြီး ကျောင်းတွင် နေထိုင်သူ စစ်ဘေးရှောင် ၁၀၀ ကျော်မှာ နေထိုင်ရန် ခက်ခဲနေသည်ဟု ပုဏ္ဏားကျွန်းဒေသခံ တစ်ဦးက ဆိုသည်။
“အခုက ဘုန်းတော်ကြီးကျောင်းလည်း အကုန်လုံးနီးပါးပျက်စီးသွားတော့ နေဖို စားဖိုအတွက် တော်တော်လေး အခက်အခဲ ဖြစ်နေကြပါတယ်။ အလှူရှင်တွေလည်း လိုအပ်နေတာပေါ့။ အနီးအနားက နေရာတွေမှာ နေနေကြတယ်။ ” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီအနေဖြင့် တိုက်ပွဲဖြစ်ပွားနေခြင်းမရှိသော်လည်း လေကြောင်းမှ ဘာသာရေး အဆောက်အဦးများ၊ ဆေးရုံများ၊ စာသင်ကျောင်းများနှင့် လူနေအိမ်များကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်မှုများ မကြာခဏ လုပ်ဆောင်လျှက်ရှိနေသည့်အတွက် ဒေသခံများ သေဆုံးမှု မြင့်တက်လျှက် ရှိနေသည်။
ပုံစာ – ဗုံးကြဲမူကြောင့်သေဆုံးသွားသည့် အမျိုးသမီးငယ်အား တွေ့ရစဥ် (APM)