ကရင်အမျိုးသားအစည်းအရုံး – ကေအဲန်ယူ၊ တပ်မဟာ ၇ ထိန်းချုပ်နယ်မြေ၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်ရှိ ခလယ်ဒေးစစ်ကောင်စီတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA ပူးပေါင်းတပ်များက လေးရက်တာတိုက်ခိုက်ပြီးနောက် အပြီးတိုင် သိမ်းပိုက်နိုင်ခဲ့သည်ဟု မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။
ပြီးခဲ့သည့် မတ်လ ၂၂ ရက်မှစပြီး စတင်တိုက်ခိုက်ခဲ့ရာ မတ်လ ၂၅ ရက်၊ ညနေ ၄ နာရီအချိန်တွင် KNLA ပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
မြေပြင်ရဲဘော်တစ်ဦးက “အခုစခန်းသိမ်းတိုက်ပွဲအတွင်းမှာဆိုရင် သူတို့ဘက်က လက်နက်တွေ တော်တော်များများပျက်စီးသွားတယ်။ သိမ်းမိတဲ့ လက်နက်တွေလည်း ရှိတယ်။ အတိအကျတော့ မသိရသေးဘူး။ ရန်သူဘက်က ထွက်ပြေးတာတွေလည်း ရှိတယ်။ လိုက်ရှင်းလင်းနေတုန်းပဲ” ဟု သံလွင်ခက်ကို ပြောသည်။
ကေအဲန်ယူဌာနချုပ်နှင့် အနီးဆုံးဖြစ်သည့် ခလယ်ဒေးစခန်းသိမ်းတိုက်ပွဲတွင် တပ်မဟာ ၇ တပ်မမှူးကိုယ်တိုင် ဦးဆောင်ပြီး KNLA တပ်ရင်း ၂၂ နှင့် ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုလည်း မြေပြင်သတင်းရင်းမြစ်ထံမှ သိရသည်။
တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်ဘက်မှ ဂျက်ဖိုက်တာ၊ Y-12 လေယာဉ်အမျိုးအစားများဖြင့် ဗုံးကြဲတိုက်ခိုက်မှုများရှိသောကြောင့် အဆိုပါဒေသရှိ ကရင်ဒေသခံများ ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
ပြီးခဲ့သည့် မတ်လ ၁၄ ရက်တွင်လည်း တပ်မဟာ ၇ နယ်မြေ၊ ပိုင်ကျုံမြို့နယ်ရှိ ပူးလူးတူစခန်းကို သိမ်းပိုက်နိုင်ခဲ့သည်။
ပုံစာ – မတ်လ ၁၄ ရက်၌ ပူးလူးတူစခန်းသိမ်းတိုက်ပွဲအတွင်း ရရှိသည့် လက်နက်ခဲယမ်းတချို့ (ဓာတ်ပုံ – KNU)
