အာဏာသိမ်းကာလအတွင်း စစ်တပ်၏ ဖမ်းဆီးထောင်ချခြင်းကို ခံခဲ့ရသူ မရွှန်းစိမ့်စိမ့်၏ နာရေးအခမ်းအနားကို ရန်ကုန်မြို့တွင် ယနေ့ပြုလုပ်ခဲ့သည်။
နိုင်ငံရေးနယ်ပယ်တွင် လူသိများလှသော ကဗျာဆရာစောဝေ၏ သမီးဖြစ်သူ မရွှန်းစိမ့်စိမ့်သည် ကွယ်လွန်သွားချိန်၌ အသက် ၃၃ နှစ်အရွယ်ဖြစ်သည်။
မရွှန်းစိမ့်စိမ့်(ခ)အွိ၊ ရွှန်းစိမ့်စိမ့်သက်တန့်အား ၂၀၂၁ ခုနှစ် မေလ ၁၃ ရက်တွင် ရန်ကုန်မြို့၊ တော်ဝင်သုခအိမ်ယာတွင် စစ်တပ်က ဝင်ရောက်ဖမ်းဆီးခဲ့ပြီးနောက် ပုဒ်မ ၅၀၅(က) တပ်ကာ ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့သည်။
၎င်းနောက် ၂၀၂၃ ခုနှစ် မေလတွင် လွတ်ငြိမ်းချမ်းသာဖြင့် ပြန်လည်လွတ်မြောက်လာပြီးနောက် ၂ နှစ်ကျော်ကြာ ထောင်တွင်းအခြေအနေများကြောင့် ကျန်းမာရေးထိခိုက်မှုများ ဆက်လက်ကြုံတွေ့ခဲ့ရသည်ဟု နီးစပ်သူများက ပြောဆိုသည်။
ကဗျာဆရာ စောဝေသည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို အာဏာရူးကြီးဟု ဝေဖန်ရေးသား မှုကြောင့် နိုင်ငံတော် အသရေ ဖျက်မှု ပုဒ်မ ၅၀၅ (ခ) ဖြင့် မန္တလေးတိုင်း ရမည်းသင်း အကျဉ်းထောင်တွင် ထောင်ဒဏ် ၂ နှစ် ကျခံခဲ့ရသော ကဗျာဆရာတစ်ယောက် ဖြစ်သည်။
ယနေ့သည် ကဗျာဆရာစောဝေ၏ မွေးနေ့ဖြစ်ပြီး ယင်းနေ့တွင် သမီးငယ်သေဆုံးခြင်းနှင့်ပတ်သက်၍ ရေးသားထားသော ကဗျာအား ပူးတွဲဖော်ပြအပ်ပါသည်။
“အရေးမပါတဲ့နေ့များ”
မွေးနေ့တဲ့ မပျော်ထာ
ကမ္ဘာကြီးပေါ်လူသတ်နေကြ
မရပ်ဘူး။
လူ့အခွင့်ရေးနေ့တဲ့
ခလေးသူငယ်တွေကို
ချောဆွဲစစ်ထဲသွင်းနေတာ
မရပ်ဘူး။
ကမ္ဘာ့ကဗျာနေ့တဲ့
ပြည်တွင်းကကဗျာဆရာတွေ
ဖမ်းဆီးသတ်ဖြတ်ခံနေရတာ
မရပ်ဘူး။
အမျိုးသမီးများနေ့တဲ့
ဖမ်းဆီးနှိပ်စက် မဒိန်းကျင့်
သတ်ဖြတ်နေကြတာ
မရပ်ဘူး။
တေါင်သူလယ်သမားနေ့တဲ့
လယ်တွေ၊ယာတွေ ၊ရွာတွေ
မီးရှို့ဗုံးကြဲနေတာ
မရပ်ဘူး။
မေတ္တာအခါတော်နေ့တဲ့
ဘုန်းကြီးအချို့ကလူသတ်သမားတွေကို
အခါပေးနေတာ
မရပ်ဘူး။
လွတ်လပ်ရေးနေ့တဲ့
ချုပ်ချယ်ကန့်သတ်
ပိတ်ပင်တားဆီးနေတာတွေ
မရပ်ဘူး။
အာဇာနည်နေ့တဲ့
အာဇာနည်ကြီးရဲ့သမီးကို
ဖမ်းဆီးထေါင်ချတာ
မရပ်ဘူး။
ငြိမ်းချမ်းရေးနေ့တဲ့
လူသတ်စစ်လက်နက်ပစ္စည်းတွေ
ထုတ်လုပ်နေတာ
မရပ်ဘူး။
ဒီမိုကရေစီနေ့တဲ့
အာဏာရသွားတာနဲ့
လူ့ရပိုင်ခွင့်တွေကိုပိတ်သိမ်းတဲ့
အမိန့်တွေထုတ်ပြန်တာ
မရပ်ဘူး။
အရေးမပါတဲ့နေ့လေးတနေ့မှာ
မွေးခဲ့တဲ့လူတယောက်ဟာ
နလုံးနာနာနဲ့
အရေးပါတဲ့မျက်ရည်တွေကျနေရတာ
မရပ်ဘူး
မရပ်တော့ဘူး။ ။
စောဝေ
(မိမိမွေးနေ့တွင်မှ မြင့်မြတ်ရာဘုံသို့ ထွက်ခွါသွားသော သမီးငယ်လေး ရွှန်းစိမ့်စိမ့်(ခ)အွိ၊ ရွှန်းစိမ့်စိမ့်သက်တံသို့) (7.8.1991-23.3.2025)
ဓာတ်ပုံ – နာရေးကူညီမှုအသင်း (ရန်ကုန်)