မောင်လှိုင်း
မကွေးတိုင်းရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသသို့ ရောက်ရှိနေသည့် စစ်ကောင်စီ စစ်ကြောင်းသည် နွားလှည်းနှင့် ထော်လာဂျီများအသုံးပြုပြီး အရပ်ဝတ် ဝတ်စုံများဝတ်ဆင်ကာ ယမန့်နေ့က ဒေသခံ ၅၀ ဦးခန့်ကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရသည်။
အဆိုပါ စစ်ကောင်စီ စစ်ကြောင်းသည် ရေလယ်ကျွန်းဒေသရှိ မိုးဖြူနှင့် မိုးကွဲ ကျေးရွာများအတွင်းသို့ ယမန်နေ့ မတ်လ ၂၁ ရက်နေ့ နံနက်ခင်းပိုင်းတွင် လက်နက်ငယ်များဖြင့် ပစ်ဖောက်ဝင်ရောက်ခဲ့ပြီး ဒေသခံတချို့ ကို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
“ကျွန်းပေါ်တက်ပြီးတော့ ဝိုက်ဖမ်းတာ မိန်းကလေးတွေများတယ် ၊ တခြားရွာသွားတာလိုလိုဘာလိုလိုနဲ့ ဝိုက်ဝင်ပြီးတော့ ကျွန်းထဲကလူတွေပါဖမ်းခံရတာ။ ကျွန်းပေါ်တက်လာ စစ်ကောင်စီ တပ်သားမှန်း လည်းမသိသာဘူး။ သူတို့က အရပ်ဝတ်တွေ ဝတ်လာတာဆိုတော့။” ဟု ရေလယ်ကျွန်းဒေသမှ ဒေသခံအမျိုးသားတဦးက ပြောသည်။
လက်ရှိတွင် ဖမ်းဆီးခံရသည့် ဒေသခံပြည်သူအရေအတွက်မှာ အနည်းဆုံး ၂၅ ဦးမှ အများဆုံး ၅၀ ဦး ခန့်ရှိနိုင်ကြောင်း ဒေသခံ အမျိုးသားတစ်ဦးမှ ပြောသည်။
အဆိုပါ စစ်ကောင်စီ စစ်ကြောင်းသည် ရေစကြိုမြို့နယ်ရှိ ပြူစောထီးများနှင့် ပူးပေါင်း၍ နွားလှည်း၊ ထော်လာဂျီ များကို အသုံးပြု၍ စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။
“ဖမ်းခံရတာတော့ ဟုတ်တယ် ပြောမယ်ဆိုရင် စစ်ရှောင်နေတာကို အလစ်အငိုက်ဝင်ဖမ်းသွားတာ ပြည်သူတွေ တိမ်းရှာင်နေတဲ့ နေရာကို အလစ်အငိုက်ဝင်ဖမ်းသွားတာ။ အသက်ကြီးပိုင်းတွေရော ကလေးတွေရော အများပြည်သူ စစ်ရှောင်နေတဲ့ နေရာမှာ မိသွားတာဆိုတော့” ဟု ရေလယ်ကျွန်း သတင်းအဖွဲ့တာဝန်ခံ ကိုဖြိုးကြီးက သံလွင်ခက်ကိုပြောသည်။
အဆိုပါစစ်ကောင်စီ စစ်ကြောင်းသည် ရေလယ်ကျွန်းဒေသသို့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှ စတင်စစ်ကြောင်းထိုးခဲ့ပြီး ဒေသခံပြည်သူများကို ဖမ်းဆီးသတ်ဖြတ်မီးရှို့ခြင်းနှင့် အရပ်သားနေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း စသည့် စစ်ရာဇဝတ်မှုများကို ကျူးလွန်ခဲ့သည်။
ရေလယ်ကျွန်းဒေသတွင်းသို့ စစ်ကြောင်းစတင်ထိုးချိန် ဖေဖော်ဝါရီ ၂၆ ရက်နေ့မှစတင်၍ မတ်လ ၆ ရက်နေ့ထိ ဒေသခံတော်လှန်ရေးအင်အားစုများနှင့် စစ်ကောင်စီတို့ တိုက်ပွဲများအပြင်းအထန် ဖြစ်ပွား ခဲ့သည်။
ထိုသို့ တိုက်ပွဲများအတွင်းအထိနာခဲ့သည့် စစ်ကောင်စီစစ်ကြောင်းသည် ရေလယ်ကျွန်းဒေသမှာ တလ အတွင်း ဒေသခံပြည်သူ ၁၈ ဦးအထိ သတ်ဖြတ်ခဲ့ပြီး လူနေအိမ်ပေါင်း ရာနှင့်ချီ၍ မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံ သတင်းအရင်းအမြစ်များမှ ပြောသည်။
ပုံစာ – ရေစကြိုမြို့နယ် ငတရော်ကျေးရွာသို့ စစ်ကောင်စီမှ လက်နက်ကြီးများဖြင့် ပစ်ခေတ် စစ်ကြောင်းထိုးလာချိန် ထွက်ပြေးတိမ်းရှောင်နေကြသည့် စစ်ရှောင်များကို တွေမြင်ရပုံ။ (ဓာတ်ပုံ – Yesagyo Township Info Committee’s)
