ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းများမှ ခေါ်ထုတ်ထားသည့် တရုတ်နိုင်ငံသား ၃၈၀ ဦးကို ထိုင်း-မြန်မာ အမှတ် ၂ ချစ်ကြည်ရေးတံတားမှတဆင့် သက်ဆိုင်ရာ နိုင်ငံများဆီသို့ မတ်လ ၁၉ ရက်တွင် လွှဲပြောင်းပေးခဲ့သည်ဟု သိရသည်။
ပြီးခဲ့သည့် မတ်လ ၁၈ ရက်ကလည်း ဂျပန်နိုင်ငံသား တစ်ဦးအပါအဝင် နိုင်ငံခြားသား ၁၄၀ ကျော်အား သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးခဲ့သည်ဟု ကရင်နယ်ခြားစောင့်တပ် BGF ထံမှ သိရသည်။
ထို့အပြင် မယ်ထော်သလေးနယ်မြေအတွင်း တရားမဝင်အွန်လိုင်းငွေဂိုဏ်းများတွင် ဝင်ရောက်လုပ်ကိုင်နေသည့် နိုင်ငံခြားသား ၂၅၆ ဦးအားလည်း မတ်လ ၁၉ ရက်တွင် ထပ်မံထိန်းသိမ်းထားပြီး သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်ပို့ဆောင်ရန် စိစစ်နေသည်ဟု သိရသည်။
ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများအား စတင် နှိမ်နင်းသည့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၃၀ မှ မတ်လ ၁၉ ရက်အထိ တစ်လကျော်အတွင်း အဆိုပါ လုပ်ငန်းများတွင် လုပ်ကိုင်နေသည့် နိုင်ငံခြားသား ၇၃၆၃ ဦးကို ထိန်းသိမ်းထားကာ ယင်းထဲမှ ၄၈၈၅ ဦးအား သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပြီးဖြစ်သည်။
သို့သော် လက်ရှိအချိန်အထိ အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင် လုပ်ကိုင်နေသူ တစ်သိန်းကျော်အထိ ရှိသည်ဟု ထိုင်းရဲချုပ်က ပြောဆိုထားကြောင်း ဘန်ကောက်ပိုစ့်သတင်းတွင် ဖော်ပြထားသည်။
ပုံစာ – မြဝတီမြို့အတွင်းရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင် ထိန်းသိမ်းခံထားရသူများအား သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းစဉ် (ပုံဟောင်း)(ဓါတ်ပုံ – သံလွင်ခက်)




