ခင်သရဖီဦး
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မင်းသားတောင်ရွာတွင် ချောင်းထဲမှ ကောက်ယူလာသည့် စစ်ကျန် ဗုံးသီး တစ်လုံးအား ပေါက်မပေါက်ကို မီးပုံထဲသို့ ထည့်ပြီး စမ်းကြည့်ရာမှ ပေါက်ကွဲပြီး လူငယ်တစ်ဦး သေဆုံးကာ လေးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။
ယမန့်နေ့ မတ်လ ၁၉ ရက် ညနေ ၃ နာရီကျော်ခန့်တွင် ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု ကျောက်တော်ဒေသခံတစ်ဦးက ဆိုသည်။
“သူတို့က ချောင်းမှာ ငါးသွားရှာရင် ဗုံးသီးတွေ့လာတာပေါ့။ အဲဒါကို ဝိုင်းပြီး ထုကြည့်ကြတယ်လို့ သိရတယ်။ ထုကြည့်လို့ မပေါက်တော့ ဗုံးသီးကို ယူပြီး မီးဖော်ပြီး မီးပုံထဲကို ထည့်တာတဲ့။ အဲဒီမှာ တစ်ယောက်က တစ်ခါတည်း သေသွားတယ်။ လေးယောက်က ဒဏ်ရာရတာပေါ့” ဟု ၎င်းက ဆိုသည်။
သေဆုံးသွားသူမှာ အသက် ၁၄ နှစ် အရွယ် လူငယ်တစ်ဦး ဖြစ်ပြီး ဒဏ်ရာရရှိသွားသူများတွင် အသက် ၁၆ နှစ်၊ ၁၄ နှစ်နှင့် ၁၅ နှစ်အရွယ် လူငယ်များ ပါဝင်သည်။ လက်ရှိတွင် ဒဏ်ရာရ လူငယ်များမှာ နီးစပ်ရာ ဆေးရုံးများ၌ ဆေးကုသမူ ခံယူနေကြရသည်ဟု သိရသည်။
ရခိုင်ပြည်တွင် စစ်ကျန်မိုင်း ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်နေပြီး မိုင်းနှင့် ပတ်သက်၍ ပြည်သူများအား အသိပညာပေးမှုမှာ ယခုထက် ပိုမိုလိုအပ်နေသည်ဟုလည်း မင်းပြားဒေသခံ တစ်ဦးက ထောက်ပြသည်။
“စစ်ကျန်မိုင်းနဲ့ ပတ်သက်ပြီးတော့ ရခိုင်က လူတွေ တော်တော် အသိပညာဗဟုသုတ အားနည်းနေသေးတယ်လို့ ပြောလို့ရတယ်။ ဖြစ်လိုက်ရင် အိမ်ယူလာပြီး ထုကြည့်တာ။ ပေါက်လားမပေါက်လား စမ်းသပ်တာတွေပဲ တွေ့ နေရတယ်ပေါ့လေ။ ဆိုတော့ တာဝန်ရှိသူတွေအနေနဲ့လည်း ဒေသခံတွေကို အခုထက် ပိုပြီး မိုင်းရှင်းလင်းမှုတွေကို အင်းတိုက်အားတိုက် လုပ်ဆောင်သင့်တာပေါ့” ဟု ဆိုသည်။
အာရက္ခတပ်တော် AA ထိန်းချုပ်သိမ်းပိုက်ထားသည့် နယ်မြေများတွင် ပြည်သူများ ဘေးကင်းရန်အတွက် မိုင်းရှင်းလင်းမှုများအား တတ်နိုင်သမျှ အင်တိုက်အားတိုက်လုပ်ဆောင်နေသော်လည်း ခေတ်မှီစက်ကိရိယာများ မရှိသည့်အတွက် စိန်ခေါ်မှုများ ရှိနေသည်ဟု ဦးခိုင်သုခက ဆိုသည်။
“မိုင်းရှင်းလင်းရေးကတော့ ULA ထိန်းချုပ်သိမ်းပိုက်ထားတဲ့ နယ်မြေအားလုံးနီးပါးမှာ ပြည်သူတွေ ဘေးကင်းဖို့အတွက် မိုင်းရှင်းလင်းရေးကို တတ်နိုင်သမျှ လုပ်ဆောင်နေပါတယ်။ မိုင်းရှင်းလင်းရေး အထောက်အကူပြု ပစ္စည်းတွေကို အိမ်နီးချင်းနိုင်ငံတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ အကူအညီပေးနိုင်ရင် ဒီထက်ပိုပြီး အရှိန်အဟုန်မြှင့်ပြီးတော့ လုပ်နိုင်မှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်မှ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်အထိ ရခိုင်တွင် စစ်ကျန်မိုင်း ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၅၁ ယောက်ရှိပြီး ဒဏ်ရာရရှိသူ ၁၅၆ ယောက်ရှိသည်ဟု AA ထံမှ သိရသည်။
ပုံစာ – စစ်ကျန်မိုးပေါက်ကွဲခဲ့သည့် မင်းသားတောင်ကျေးရွာ