အမီးလေး
အန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်၊ အင်ဖာအကျဉ်းထောင်တွင် အကျဉ်းကျနေသည့် မြန်မာနိုင်ငံသား ၁၀ ဦးသည် နာတာရှည်ရောဂါခံစားနေရပြီး ဆေးကုခွင့်မရခြင်းကြောင့် စိုးရိမ်နေရကြောင်း India For Myanmar တည်ထောင်သူ ဆလိုင်းဒိုခါရ် ကပြောသည်။
“နာတာရှည်ရောဂါသည်တွေက ဆေးကုသခွင့်မရှိပါဘူး၊ အကုန်လုံးအတူတူပဲထားတော့ စိုးရိမ်ရတယ်၊
လက်ရှိအချိန်မှာ အင်ဖာထောင်မှာဖမ်းဆီးခံထားရတဲ့ထဲက နာတာရှည်ရောဂါသည် ၁၀ ဦးခန့် ကျန်ရှိနေသေးတဲ့ အခြေအနေဖြစ်တယ်။ နောက်ပြီးတော့မှ မွေးကင်းစကလေးတွေ နောက်ပြီးတော့မှာ အမျိုးသမီး တွေများစွာ ပါဝင်နေသေးတယ်” ဟုဆိုသည်။
မတ်လ ၁၀ ရက်နေ့တွင် နာတာရှည်ရောဂါခံစားနေရသူ အသက် ၅၇ နှစ်အရွယ် ဦးအောင်မင်းသည် အဆုတ်ရောဂါဖြင့် ထောင်အတွင်း ဆေးကုသခွင့်မရပဲ သေဆုံးသွားကြောင်း ၎င်းက ဆက်ပြောသည်။
“အကျဉ်းထောင်အတွင်း သေဆုံးတာက အဓိကအားဖြင့်ကတော့ အပြင်မှာကတည်းက အဆုတ်ထဲမှာ ရေရှိတဲ့ဟာကို အိန္ဒိယကို ဆေးခန်းလာပြတာကို ဖမ်းပြီးတော့မှ ထောင်ထဲမှာ ဆေးကုခွင့်မပေးတဲ့အခါ မှာကျတော့ ဆုံးသွားတဲ့ သဘောပါ၊ ထောင်က ဒီတိုင်း ဖမ်းဆီးခံရသူအားလုံး ကျန်းမာရေးမကောင်းတဲ့ သူအားလုံး ကျန်းမာရေးစောင့်ရှောက်ခွင့်မပေးတဲ့အခါမှာကြတော့ ကြမ်းကြမ်းတမ်းတမ်း ထိန်းသိမ်းတဲ့ အခါကြတော့ သေဆုံးရတဲ့ အထိဖြစ်သွားတာပါ” ဟုဆိုသည်။
အင်ဖာထောင်တွင် မြန်မာနိုင်ငံမှ အကျဉ်းကျနေသူ ကလေးငယ် ၅၂ ဦးအပါအဝင် ၁၄၇ ဦးရှိပြီး မိသားစုဝင်များသည်လည်း ထောင်ဝင်စာ တွေ့ခွင့်မရသလို ကျန်းမာရေးကုသခွင့်များမရခြင်း၊ ထောင်အတွင်းကျွေးသည့် အစားအသောက်များလည်း အဆင်မပြေကြောင်း ၎င်းကဆက်ပြောသည်။
ဖမ်းဆီးထောင်ချခံထားရသူများသည် အိန္ဒိယနိုင်ငံသို့ စစ်ရှောင်သွားရမှ ဖမ်းဆီးခံထားရသူများဖြစ်ပြီး ၂၀၂၃ ခုနှစ် တွင်လည်း အသက် ၃၂ နှစ်အရွယ် ကိုဒမ်ခိုလွန်းသည်လည်း အကျဉ်းထောင်အတွင်း နှလုံးရောဂါဖြင့် သေဆုံး၃ခဲ့သည်။
ပုံစာ – အင်ဖာထောင်