ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ တဘလုခို့ခီးကျေးရွာအတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီဘက်မှ ဂျက်ဖိုက်တာဖြင့် လာရောက်ကြဲချသွားသောကြောင့် ဒေသခံ တစ်ဦး သေဆုံးသွားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
ယနေ့ မတ်လ ၁၉ ရက်၊ နေ့လည် ၁၁ နာရီခန့်တွင် စစ်ကောင်စီတပ်ဘက်မှ ဂျက်ဖိုက်တာဖြင့် လာရောက်ကြဲချခဲ့ခြင်းဖြစ်သည်။
ဒေသခံအမျိုးသမီးတစ်ဦးက “ဒီနေ့ လေယာဥ်လာကြဲတော့ ဒေသခံ အမျိုးသား တစ်ယောက် ဆုံးသွားတယ်။ အိမ်လည်းတစ်လုံး နှစ်လုံးလောက် ပျက်စီးသွားတယ်” ဟု ပြောသည်။
ယနေ့ လေယာဥ်ကြဲချမှုသည် အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြစ်သည်ဟု အဆိုပါဒေသရှိ ဒေသခံတစ်ဦးကမှတ်ချက်ပြုသည်။
၎င်းက “ဒီနေ့ဆို ဘာတိုက်ပွဲမှလည်း မရှိဘူး။ ပြီးတော့ သူတို့ ကြဲတဲ့ နေရာဆို ဘယ်အဖွဲ့အစည်းမှ မရှိဘူး။ ကျွန်တော်သိသလောက် ဂျက်ဖိုက်တာဆိုတာက သူတို့တားဂက် (ပစ်မှတ်) နဲ့လာတာ။ အခုဟာက သူတို့က ကြဲချင်တိုင်းကို ကြဲနေတော့တာပဲ။ ဘာအဖွဲ့အစည်းမှမရှိဘဲ လေယာဉ်နဲ့ လာပစ်တာဆိုတော့ အရပ်သားကို ပစ်မှတ်ထားတိုက်ခိုက်တာလို့ပဲ ပြောရတော့မှာပေါ့” ဟု သံလွင်ခက်ကို ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလလယ်ပိုင်းတွင်လည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်ဘက်မှ မြဝတီမြို့၊ မင်းလက်ပံကျေးရွာသို့ ဒရုန်းဖြင့် ဗုံးသီးနှစ်လုံးကြဲချခဲ့သည်။
ဓာတ်ပုံ – သံလွင်ခက် (ပုံဟောင်း)
ပုံစာ – ၂၀၂၄ မတ်လ မြဝတီတိုက်ပွဲအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်ဆီးခဲ့ရသည့် အိမ်တချို့။