အမီးလေး
မတ်လ ၂၀ ရက်နေ့တွင် ကျရောက်မည့် ၃၇ နှစ်မြောက် ချင်းတော်လှန်ရေးနေ့ အထိမ်းအမှတ်အနေဖြင့် စစ်ကောင်စီတပ်သားများအပါအဝင် အကျဉ်းသား ၇၂ ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည်ဟု မတ်လ ၁၈ ရက်နေ့တွင် ချင်းအမျိုးသားတပ်ဦးက ထုတ်ပြန်သည်။
ချင်းတော်လှန်ရေးနေ့မှာ မတ်လ ၂၀ ရက်နေ့ဖြစ်ပြီး လွတ်ငြိမ်းချမ်းသာခွင့်ပေးသည့် အထဲတွင် စစ်ကောင်စီတပ်သားများ၊စစ်ကောင်စီလက်အောက်ခံ ရဲသားများ လည်းပါဝင်သည်ဟု CNF မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
“ဟုတ်တယ် လွတ်ပေးတာက ၇၂ ယောက် အဲထဲမှာ စစ်ကောင်စီတပ်ရယ်၊ရဲတပ်ဖွဲ့ဝင်တွေရယ်၊ပြည်သူ ရယ် ကျွန်တော်တို့ထဲက တပ်စည်းကမ်းချိုးဖောက်တဲ့သူတွေရယ်ပါတယ်” ဟုဆိုသည်။
ချင်းအမျိုးသားတပ်ဦး CNF အနေဖြင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီတပ်သား ၃၀ ကျော်အား ရှင်းလင်းနိုင်ခဲ့ပြီး စစ်သုံ့ပန်း ၂၀ ဦးအားဖမ်းဆီးနိုင်ခဲ့ရာ လက်နက် ၈၀ ကျော် သိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်ချက်အရသိရသည်။
CNF အနေဖြင့် ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံရေး၊စစ်ရေး၊သံရေးတမန်ရေး လှုပ်ရှားမှုများအား အရှိန်တိုးမြှင့်သွားမည်ဖြစ်ပြီး ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ နှင့် လက်တွဲ၍ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်ထားသည်။
ပုံစာ – CNF ၏ အခြေခံစစ်သင်တန်း အပတ်စဥ် (၁) သင်တန်းဆင်းပွဲအား တွေ့ရစဥ်