စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်လိုက်သည့် လက်နက်ကြီး ထိမှန်မှုကြောင့် ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်က အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံက သိရသည်။
ယမန့်နေ့ မတ်လ ၁၇ ရက် ညနေ ၆နာရီ မိနစ် ၄၀ ဝန်းကျင်တွင် ကျောက်တံခါးမြို့နယ်၊အနန်းပေါ်အုပ်စု၊ ကွင်းချောင်းဝကျေးရွာ၌ အထိုင်ချတပ်စွဲထားသောစစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လက်နက်ကြီး များဖြင့် ပစ် ခတ် ခဲ့သည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်ခဲ့သည့် လက်နက်ကြီးသည် ကျောက်တံခါးမြို့နယ်၊ နံဇကျေးရွာအုပ်စု၊ ဖိုးတကျေးရွာအတွင်းကျရောက်ပေါက်ကွဲပြီးခဲ့ပြီး အသက် ၆၁ နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦး နှင့် အသက် ၃၀ နှစ်အရွယ် သက်လတ်ပိုင်း အမျိုးသမီး တစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
ဒေသခံတစ်ဦးက ” သူတို့ကတော့ လက်နက်ကြီးပစ်ရင်ပစ် မဟုတ်ရင် ဒရုန်းနဲ့ လာချနေတာ နေ့တိုင်း လိုလိုက တော့ ” ဟု ပြောသည်။
ပြီးခဲ့သည့် မတ်လ ၉ ရက်တွင်လည်း ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုတ်မြို့အခြေစိုက် ခမရ ၂၆၄ တပ်မှ လက်နက်ကြီးပစ်ခတ်ခဲ့ရာ ကျောက်တံခါးမြို့နယ်၊ တောင်ခင်ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီတပ်ဖွဲ့များ၏ ကျေးရွာနှင့် နေအိမ်များအား လက်နက် ကြီးဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသမီး ၁၁ ဦး သေဆုံးခဲ့ရသည်ဟု မြန်မာ့အမျိုးသမီးသမဂ္ဂက ထုတ်ပြန် ထားသည်။
ပုံစာ – စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့ရသည့် ကျောက်တံခါးမြို့နယ်အတွင်းမှ နေအိမ်တစ်လုံး။ (ပုံဟောင်း)