တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် ရင်းနှီးသော အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်သည့်အပြင် မြန်မာပြည်တွင်းအရေးကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခြင်းမရှိသော မူဝါဒကို ကိုင်စွဲထားသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Guo Jiakun က ယမန်နေ့က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
“မြန်မာ့အရေးနဲ့ ပတ်သက်ပြီးတော့ တရုတ်နိုင်ငံရဲ့ သဘောထားက အလွန်ရှင်းလင်းပါတယ်။ တရုတ်နိုင်ငံအနေနဲ့ အခြားနိုင်ငံများ၏ ပြည်တွင်းရေးကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခြင်းမရှိသော မူဝါဒကို လိုက်နာပြီး၊ မြန်မာနိုင်ငံက အဖွဲ့အစည်းအသီးသီးအကြားမှာ နိုင်ငံရေးပြန်လည်သင့်မြတ်ရေးအတွက် ချစ်ကြည်ရင်းနှီးစွာ တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ရာဖို့ ထောက်ခံပြီး၊ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအသွင် ကူးပြောင်းမှုလုပ်ငန်းစဉ်တွေကို ပြန်လည်စတင်ရာတွင်လည်း ထောက်ခံပါတယ်” ဟု ၎င်းကပြောသည်။
ထို့အပြင် မြန်မာနိုင်ငံ၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် နယ်မြေတည်တံ့ခိုင်မြဲရေး ကာကွယ်စောင့်ရှောက်မှုများကို တရုတ်နိုင်ငံအနေဖြင့် ထောက်ခံသည်ဟုလည်း ပြောဆိုခဲ့သည်။
ယမန်နေ့ (ဧပြီလ ၂၁) ရက်တွင် တရုတ်ဦးဆောင်မှုကြောင့် ကိုးကန့်တပ်-MNDAA နှင့် စစ်ကောင်စီတို့သည် လားရှိုးမြို့၌ တွေ့ဆုံဆွေးနွေးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
လားရှိုးမြို့သို့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် တိန့်ရွှီကျင်းရောက်ရှိနေပြီး တရုတ်နိုင်ငံ ကောင်စစ်ဝန်ရုံးတစ်ခုကိုလည်း လားရှိုးတွင် ဖွင့်လှစ်သွားမည်ဆိုသည့် သတင်းများထွက်ပေါ်နေသည်။
သို့သော် အဆိုပါဆွေးနွေးပွဲရလဒ်များနှင့် ပတ်သက်၍ MNDAA နှင့် စစ်ကောင်စီတို့မှ တစ်စုံတစ်ရာ ထုတ်ပြောဆိုထားခြင်း မရှိသေးပေ။
စစ်ကောင်စီနှင့် MNDAA တို့သည် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၆ နှင့် ၁၇ ရက်များတွင့် တရုတ်နိုင်ငံ ယူနန်၌ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် နှစ်ဖက်သဘောတူအပစ်ရပ်လိုက်ပြီဖြစ်ကြောင်း တရုတ်နိုင်ငံဘက်မှ ကြေညာထားသည်။
MNDAA သည် လားရှိုးမြို့ကို ၂၀၂၄ ခုနှစ်တွင် သိမ်းပိုက်ပြီးနောက် ၆ လကျော်အကြာ ၎င်းတို့၏ အုပ်ချုပ်ရေးယန္တရားဖြင့် လည်ပတ်ခဲ့ပြီး တရုတ်နိုင်ငံ၏ ဖိအားများကြောင့် ဧပြီလ ၂၁ ရက်တွင် လားရှိုးမြို့မှ ၎င်းတို့၏ တပ်များကို ဆုတ်ခွာပေးရမည်ဟု MNDAA နှင့် နီးစပ်သည့် သတင်းအရင်းအမြစ်များထံမှ သိခဲ့ရသည်။
ပုံစာ- တရုတ်နိုင်ငံခြားဝန်ကြီးဌာနမှ Guo Jiakun ကို ဧပြီလ ၂၁ ရက် သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ် (ဓာတ်ပုံ- Ministry of Foreign Affairs The People’s Republic of China)