အမီးလေး
ချင်းပြည်နယ်အား တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် ၉၀ ရာခိုင်နှုန်းနီးပါးခန့် သိမ်းပိုက်ထားပြီးဖြစ်ပြီး ယခု ၂၀၂၅ ခုနှစ်ကို စစ်ကောင်စီတပ်များကင်းစင်ရေးနှစ်အဖြစ် သတ်မှတ်ထားသည်ဟု ယမန်နေ့က ပြုလုပ်သည့် CNF/CNA, CDF-KKG တို့၏ ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ချင်းအမျိုးသားတပ်ဦး CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။
“ကျတော်တို့ရဲ့ ရည်မှန်းချက်ကတော့ အနိမ့်ဆုံး ၂၀၂၅ မှာတော့ ဒီချင်းပြည် စစ်ကောင်စီကင်းစင်ရေးဆိုပြီးတော့ ချထားမှာဖြစ်ပါတယ်။ အဲဒီအတွက်တော့ ပြင်ဆင်မှုတွေ လိုသလို လုပ်လည်း လုပ်နေပါတယ်” ဟုဆိုသည်။
ချင်းပြည်နယ်တွင် မြို့နယ် ၉ မြို့နယ်ရှိပြီး ဟားခါး၊ ထန်တလန်၊တီးတိန်နှင့် ခလယ်ကမ်းတွင်သာ စစ်တပ်များရှိနေပြီး စစ်ကောင်စီတပ်သားများအနေဖြင့် အပြင်ထွက်ရန်ပင် ခက်ခဲနေသည်ဟု ၎င်းက ဆက်ပြောသည်။
ချင်းပြည်နယ်တွင် CDF-KKG Major Operation စစ်ဆင်ရေးအား CNF/CNA နဲ့ CDF-KKG တို့ ပူးပေါင်း၍ ၂၀၂၄ ခုနှစ်တွင် စုဖွဲ့လေ့ကျင်ခြင်းများ ပြုလုပ်ခဲ့သည်။
ထို့နောက် ကလေး၊ ဂန့်ဂေါအကြားရှိ စစ်ကောင်စီ အခြေစိုက်တပ်စခန်းများဖြစ်သည့် ကမ်းပါးနီစခန်း၊ မှန်တော၊ အောင်သာယာ (အရှေ့၊ အနောက်) နှင့် ပျူစောထီးများ စိုးမိုးသည့် ကြံသာရွာအား ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီတွင် စတင်တိုက်ခိုက်ခဲ့ပြီး နှစ်လအကြာတွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။
ယင်းစခန်းသိမ်းတိုက်ပွဲများတွင် CNA၊ CDF တို့နှင့် အတူ ABSDF ၊ ဒေသခံ PDF အဖွဲ့များနှင့် ယောဒေသလွတ်မြောက်ရေးတပ်ပေါင်းစုတို့က ပူးပေါင်းပါဝင်ခဲ့ကြသည်။
ထိုသို့ စစ်ရှုံးနေသည့် စစ်ကောင်စီက ချင်းပြည်နယ်အား အာဏာသိမ်းချိန်မှစ၍ ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းအထိ လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၁၀၀၀ ကျော် ပြုလုပ်ခဲ့ပြီး ပြည်သူပေါင်း ၂၀၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။
ပုံစာ- စစ်သင်တန်းတက်နေသည့် CDF-KKG ရဲဘော်များ