ခင်သရဖီဦး
ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် မိမိနေအိမ်သို့ ပြန်လည်ဝင်ရောက်နေထိုင်ရန် သန့်ရှင်းရေး လုပ်ရာမှ စစ်ကောင်စီ ထောင်ထားခဲ့သည့် မိုင်းပေါက်ကွဲပြီး အိမ်ပိုင်ရှင် အမျိုးသမီး ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း သိရ သည်။
ဒဏ်ရာရရှိသူမှာ တောင်ကုတ်မြို့၊ကံပိုင်ရက်ကွက်တွင်နေထိုင်သူ (၃၄)နှစ်အရွယ်ဒေါ်တင်တင်ဦး ဖြစ်ပြီး အခြား ဒေသတွင် စစ်ရှောင်နေရာမှ မိမိနေအိမ်အား မတ်လ ၁၇ ရက်နေ့ နေ့လယ် ၁၁နာရီ ၁၅ မိနစ် အချိန်တွင် ပြန်လာပြီး နေအိမ်သန့်ရှင်းရေးလုပ်ရာမှ စစ်ကျန်မိုင်း ပေါက်ကွဲပြီး ထိခိုက်သွားကြောင်း တောင်ကုတ်ဒေသခံ တစ်ဦးက ပြောသည်။
“စစ်ကောင်စီက နေအိမ်တွေမှာလည်း မိုင်းတွေ ထောင်ထားခဲ့တာပေါ့လေ။ လူတွေက မသိတော့ ကိုယ့်အိမ်ကို သန့်ရှင်းရေးလုပ်ရင် ဗုံးပေါက်ကွဲပြီးတော့ ထိခိုက်သွားတယ်။ အိမ်အောက်မှာ မြုပ်ထားခဲ့တာလို့ သိရတယ်။ အိမ်ပိုင်ရှင်ကတော့ ဒဏ်ရာကတော့ မများဘူးလို့ သိရတယ်။ ” ဟု ၎င်းကဆိုသည်။
ယင်းသို့ ဗုံးပေါက်ကွဲမှုကြောင့် ဒေါ်တင်တင်ဦး၏ ပါးတွင် ဗုံးစများအနည်းငယ်ထိထားသောကြောင့် နီးစပ်ရာ ဆေးခန်းတွင် ဆေးကုသမှုခံယူနေရကြောင်းသိရသည်။ နေအိမ်မှာလည်း ဗုံးပေါက်ကွဲမှုကြောင့် အနည်းငယ်ပျက် စီးသွားကြောင်း သိရသည်။
တောင်ကုတ်မြို့တွင် စစ်ကောင်စီ ထောင်ထားခဲ့သည့် မိုင်းများအားနင်းမိသည့်အတွက်ဒေသခံများမှာလည်းမကြာ ခဏ ထိခိုက်မှုများရှိနေသည်။
ယခုကဲ့သို့ နေအိမ်အတွင်းတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့်အတွက် တခြားမြို့မှ ဒေသခံများမှာလည်း စိုးရိမ်မှုများ မြင့်တက်နေကြောင်း ၎င်းက ဆက်ပြောသည်။
“မြို့က လူတွေကတော့ ပိုပြီး စိုးရိမ်သွားတယ်ပေါ့လေ။ ဘယ်နေရာတွေမှာ သူတို့ မြုပ်ထားမလဲဆိုပြီးတော့ စိုးရိမ်ကြတယ်။ အခုက တာဝန်ရှိသူတွေအနေနဲ့ နေအိမ်တွေကိုလည်း သေချာ မိုင်းရှင်းလင်းပေးဖို့ မျှော်လင့် နေကြပြီးပေါ့လေ။ ” ဟု ၎င်းက ဆိုသည်။
တောင်ကုတ်ဒေသခံများအား အာရက္ခတပ်တော် AA က ဖေဖော်ဝါရီလဆန်းပိုင်းမှစ၍ မိမိနေအိမ်သို့ ပြန်လည် ဝင်ရောက်နေထိုင်ခွင့် ပြုထားသည်။
ယင်းအပြင် စစ်ကောင်စီ၏ လေကြောင်းအန္တာရာယ်အားလည်း ကာကွယ်နိုင်ရန်အတွက် ဗုံးခိုကျင်းများ တူးဖော်ရန်အတွက် တိုက်တွန်းနိူးဆောင်သည့် အသိပေးကြေညာစာများအပြင် စစ်ကျန်မိုင်းနှင့် ပတ်သတ်သည့် လက်ကမ်စာစောင်များ၊ မိုင်ရှင်းလင်းရေးလုပ်ငန်းများအားလည်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ အနေ ဖြင့် လုပ်ဆောင်နေကြောင်း ဦးခိုင်သုခက သံလွင်ခက်အား ပြောသည်။
အာရက္ခတပ်တော် AA ထိန်းချုပ်ထားသည့် နယ်မြေများအား စစ်ကောင်စီမှ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း များ ဆက်တိုက်လုပ်ဆောင်နေခြင်းနှင့် မိမိနေအိမ်သို့ ပြန်လည်နေထိုင်ပါကလည်း စစ်ကောင်စီ ထောင်ထား ခဲ့သည့် မှိုင်းများ ပေါက်ကွဲမည့် အန္တရာယ်ကို ဒေသခံများမှာ စိုးရိမ်နေရသည်။
ပုံစာ – မိုင်းပေါက်ကွဲသည့် နေအိမ်အား တွေ့ရစဥ် (Photo – APM)