စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ စဉ့်ကိုင် (မြောက်) ရွာကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် လသားအရွယ် ကလေးငယ်တစ်ဦး အပါအဝင် ၄ လေးဦး သေဆုံးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
ယမန်နေ့ မတ်လ ၁၆ ရက် ည ၁၀ နာရီဝန်းကျင်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“တံတားဦးက တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ ဗုံးနှစ်လုံး ကြဲသွားတာ။ လေးဦး သေတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ခြောက်လသားအရွယ် ကလေးငယ်တစ်ဦး၊ အမျိုးသမီး နှစ်ဦး၊ အမျိုးသား တစ်ဦး စုစုပေါင်း လေးဦးသေဆုံးခဲ့သည့်အပြင် ခုနစ်ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနှစ် မတ်လ ၁၆ ရက်အထိ မှတ်တမ်းတင်ထားသော အချက်အလက်များအရ စစ်အုပ်စုသည် အရပ်သားပြည်သူဆိုင်ရာနေရာများကို လေကြောင်းတိုက်ခိုက်မှု ၂၁၉၀ မှု ပြုလုပ်ခဲ့ပြီး ထိုကဲ့သို့ တိုက်ခိုက်မှုများကြောင့် ကလေးငယ်ပေါင်း ၃၇၂ ဦး အသက်ဆုံးရှုံးခဲ့ရသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ယနေ့တွင် ထုတ်ပြန်ထားသည်။