အမီးလေး
အမျိုးသားညီညွတ်ရေးအစိုးရ NUG ထိန်းချုပ်ထားသည့် မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ လက်ပံလှရွာရှိ ဈေးအား မတ်လ ၁၄ ရက် မွန်းလွဲ ၃ နာရီအချိန်၌ စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်များအပါအဝင် အရပ်သားပြည်သူ ၂၇ ဦးသေဆုံးခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေး တပ်မတော်- မန္တလေးမှ သတင်းနှင့်ပြန်ကြာရေးတာဝန်ခံ ကိုအော်စမွန်က အတည်ပြုပြောသည်။
“ကျား၊ မအချိုးတော့ အသေးစိတ် မသိရသေးပါဘူး။ ထိခိုက်ဒဏ်ရာရရှိသူလည်း များခဲ့ပြီး ဒဏ်ရာပြင်းထန်သူတွေလည်း ရှိပါတယ်” ဟု ၎င်းက ဆိုသည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၂၇ ဦးတွင် ကလေးငယ် ခြောက်ဦးအထိ ပါဝင်သည်။ ထို့ပြင် ထိခိုက်ဒဏ်ရာရသူ ၃၀ ခန့်ရှိကာ လူနေအိမ် ၁၀ လုံးနှင့် ဈေးဆိုင်ခန်းများလည်း ထိခိုက်ပျက်စီးသွားသည်ဟု သိရသည်။
ပြီးခဲ့သည့် မတ်လ ၄ ရက်တွင်လည်း စစ်ကောင်စီတပ်က လက်ပံလှရွာအား လေကြောင်းဗုံးကြဲမှု ပြုလုပ်ခဲ့ပြီး ပြည်သူ နှစ်ဦး ထိခိုက်သေဆုံးခဲ့သည်။
ယခု စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ခဲ့သည့် စဉ့်ကူးမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများအား ၂၀၂၄ ခုနှစ် ဇူလှိုင်လ ၂၀ ရက်တွင် MDY-PDF အနေဖြင့် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီအာဏာသိမ်းထားသည့်အချိန်မှစ၍ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း စစ်တပ်၏ အရပ်သားပြည်သူများအပေါ်လေကြောင်းဖြင့် ပစ်မှတ်ထားတိုက်ခိုက်မှု စုစုပေါင်း ၁၇၆၇ ခုရှိခဲ့သည်ဟု BNI ၏ သုတေသနစစ်တမ်းတွင် ဖော်ပြထားသည်။
ပုံစာ-မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ လက်ပံလှရွာအား စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးသွားသည့် လူနေအိမ်များ။