အမီးလေး
ထိုင်း-မြန်မာနယ်စပ် ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်ရှိ စစ်ကောင်စီတပ်၏ ပူလူတူစခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ပူးပေါင်းတပ်တို့ ယနေ့ မတ်လ ၁၄ ရက် နံနက် ၁ နာရီ ခန့်က သိမ်းပိုက်ခဲ့သည်ဟု သိရသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၁ ဦးသည် ၎င်းတို့စခန်းကို စွန့်ခွာကာ ထိုင်းနိုင်ငံသို့ လက်နက်များဖြင့် ထွက်ပြေးသွားခဲ့သည်ဟု နီးစပ်သူ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“ဟုတ်တယ်။ သိမ်းလိုက်ပြီး တိုက်ပွဲစဖြစ်တာတော့ တစ်နာရီလောက်မှာ သူတို့ ထိုင်းဘက်ကို ပြေးဖို့ ဆင်းလာတာ။ ထိုင်းဘက်ပြေးသွားတာ ၁၁ ယောက်ရှိတယ်။ သူတို့ ထွက်ပြေးသွားတော့ စခန်းတက်သိမ်းရတာပေါ့။ လက်နက်တွေ ရတယ်” ဟု ၎င်းက ဆိုသည်။
အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား နှစ်ဦး သေဆုံးပြီး လေးဦးအား စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးနိုင်ခဲ့သည်။
ယခု သိမ်းဆည်းရရှိသည့် တပ်စခန်းအား ဖေဖော်ဝါရီလမှ စတင်ကာ KNLA နှင့် ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၂ ရက်ကလည်း ကရင်ပြည်နယ် တပ်မဟာ ၇ တပ်ရင်း ၂၂ နယ်မြေရှိ ကလေးဖို့ကလိုး၊ ကလေးမိုခီးနှင့် မယ်ကဲ့ကျေးရွာတို့မှ ဒေသခံပြည်သူ ၁၀၀ နီးပါး စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ထွက်ပြေးတိမ်းရှောင်ခဲ့သေးသည်။