ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ၏ ရန်ပုံငွေ ပြတ်လပ်မှုကြောင့် ဧပြီလမှစ၍ မြန်မာနိုင်ငံရှိ လူဦးရေ တစ်သန်းကျော်အတွက် စားနပ်ရိက္ခာအကူအညီများ ရပ်ဆိုင်းလိုက်သည်ဟု မတ်လ ၁၄ ရက်တွင် ထုတ်ပြန်လိုက်သည်။
လက်ရှိတွင် စစ်ရေးပဋိပက္ခ၊ နေရပ်စွန့်ခွာမှုများကြောင့် စားနပ်ရိက္ခာအကူအညီ လိုအပ်ချက်များ မြင့်မားနေသော်လည်း လုပ်ငန်းဆောင်ရွက်ရန် ကန့်သတ်ချက်များရှိခြင်းကြောင့် ယခုကဲ့သို့ ရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
WFP အနေဖြင့် ရန်ပုံငွေ အသစ် မရရှိသရွေ့ အသက် ၅ နှစ်အောက် ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ၊ မသန်စွမ်းသူများအပါအဝင် လူပေါင်း ၃၅,၀၀၀ ခန့်ကိုသာ ကူညီနိုင်မည်ဟု သိရသည်။
“WFP ၏ အကူအညီကို လုံးဝ မှီခိုနေရတဲ့ တိုင်းပြည်အနှံ့က ထိခိုက်လွယ်ဆုံး လူမှုအသိုင်းအဝိုင်းတွေအပေါ် ဆိုးရွားတဲ့ သက်ရောက်မှု ရှိလာမှာပါ” ဟု မြန်မာနိုင်ငံရှိ WFP ၏ ကိုယ်စားလှယ်နှင့် နိုင်ငံဒါရိုက်တာ မိုက်ကယ် ဒန်ဖို့ဒ်က ပြောသည်။
ထိုသို့ ဖြတ်တောက်မှုကြောင့် WFP ၏ စားနပ်ရိက္ခာအကူအညီကို မှီခိုနေရသည့် ရိုဟင်ဂျာများ အပါအဝင် ရခိုင်ပြည်နယ် အလယ်ပိုင်းက ပြည်တွင်းနေရပ်စွန့်ခွာသူ တစ်သိန်းနီးပါးခန့်ကို ထိခိုက်စေနိုင်သည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ် တစ်နှစ်လုံးစာ အသက်ကယ်ဆယ်ရေးနှင့် စားနပ်ရိက္ခာအတွက် အမေရိကန် ဒေါ်လာ သန်း ၆၀ အရေးပေါ် လိုအပ်နေသည်ဟု WFP က ဆိုသည်။
လက်ရှိ မြန်မာနိုင်ငံတွင် လူဦးရေ ၁၅.၂ သန်းက စားနပ်ရိက္ခာ လုံလုံလောက်လောက် မရရှိခြင်းကို ကြုံ့တွေ့နေရပြီး ၂.၃ သန်းခန့်မှာ အစာရေစာငတ်မွတ်မှုကို ကြုံနေရသည်ဟုလည်း ဖော်ပြထားသည်။
ပုံစာ- မြန်မာစစ်ရှောင်စခန်းတစ်ခုတွင် နေထိုင်ကြသူများ (သံလွင်ခက်)