ခင်သရဖီဦး
စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် AA တို့ တိုက်ပွဲပြင်းထန်နေသည့် ကျောက်ဖြူမြို့နယ် ကြတ္တိန်ကျေးရွာကို ဒရုန်းဖြင့် ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေခြင်းကြောင့် ဒေသခံများမှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေရသည်ဟု သိရသည်။
စစ်ကောင်စီ၏ ကျောက်ဖြူ ဓညဝတီရေတပ်စခန်းဌာနချုပ် (ဓရခ) မှ ကြတ္တိန်ကျေးရွာကို ပြီးခဲ့သည့် မတ်လ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် ဗုံးကြဲခဲ့သည့်အတွက် နေအိမ် အများအပြား မီးလောင်ခဲ့ပြီး ဘုန်းတော်ကြီးကျောင်း လည်း ပျက်စီးခဲ့သည်ဟု ကျောက်ဖြူဒေသခံတစ်ဦးက ပြောသည်။
“ဒရုန်းနဲ့ ဗုံးနှစ်လုံး ပစ်ချခဲ့တယ်။ မနေ့ကရော၊ ဟိုတစ်နေ့ကရော လာပြီးတော့ မကြာမကြာ လာပစ် နေတာရှိတယ်။ နေအိမ်တွေကလည်း မီးလောင်တာ မကြာခဏ ရှိနေတယ်။ အိမ်တွေကလည်း တော်တော်များ များ မီးလောင်နေတာပေါ့။ မနေ့ကတော့ ဘုန်းတော်ကြီးကျောင်းမှာလည်း လက်နက်ကြီးကျပြီး တော်တော် ပျက်စီးသွားတာ ရှိတယ်” ဟု ၎င်းက ဆိုသည်။
ကြတ္တိန်ကျေးရွာတွင် တစ်ပတ်အတွင်း စစ်ကောင်စီက လေကြောင်းမှ လေးကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်ခြင်း ကြောင့်နေအိမ် ၅၀ ခန့် မီးလောင်ပျက်စီးခဲ့သည်။
“ဂျက်ဖိုက်နဲ့ရော ဒရုန်းနဲ့ရော မကြာခဏ လာပစ်နေတာ။ ဒေသခံတွေကတော့ တိမ်းရှောင်နေကြရတယ်။ နေအိမ်တွေက ဒရုန်းနဲ့ လာပစ်တော့ မီးလောင်တာတွေက လူတွေလည်း မရှိတော့ မီးသတ်ဖို့ မလွယ်ဘူးလေ။ နေအိမ် တစ်ဝက်လောက် မီးလောင်သွားပြီ”ဟု ဆိုသည်။
ပြီးခဲ့သည့် မတ်လ ၇ ရက်ကလည်း စစ်ကောင်စီက ကြတ္တိန်ကျေးရွာအား ဂျက်ဖိုက်တာဖြင့် ဗုံး နှစ်ကြိမ် ကြဲချခဲ့သည့်အတွက် နေအိမ် ၃၅ လုံး မီးလောင် ပြာကျခဲ့သည်။
အဆိုပါ ကြတ္တိန်ကျေးရွာတွင် အိမ်ခြေ ၁၅၀ ရှိပြီး လူဦးရေ ၁၀၀၀ ခန့်အထိ နေထိုင်သည့် ရွာကြီးတစ်ရွာဖြစ်ကာ ရွာလုံးကျွတ်နီးပါး စစ်ဘေးရှောင်နေရသည်ဟု စုံစမ်းသိရသည်။
စစ်ကောင်စီတပ်အနေဖြင့် ကျောက်ဖြူနယ်နှင် အနီးတဝိုက်မှ ကျေးရွာအများအပြားအား မကြာခဏ ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းများရှိနေသည့်အတွက် ကျောက်ဖြူဒေသခံ ၂၀၀၀၀ ကျော်ခန့်မှာ စစ်ဘေးရှောင်နေကြရသည်ဟု သိရသည်။
ပုံစာ- စစ်ကောင်စီမှ ဗုံးကြဲချခြင်းကြောင့် ကြတ္တိန်ကျေးရွာမှ နေအိမ်များ မီးလောင်ကျွမ်းနေစဉ် (ဓါတ်ပုံ – APM)