ကရင်ပြည်နယ်၊ ကော့ကရိတ်နှင့် ကျုံဒိုးဒေသတိုက်ပွဲများကြောင့် ဒေသခံ ၂၁၅ဦးမှာ သောင်ရင်းမြစ်ကို ဖြတ်ကျော်ကာ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မယ့်ရမတ်မြို့နယ်အတွင်းသို့ စစ်ဘေးရှောင်လာရသည်ဟု ထိုင်းသတင်းရင်းမြစ်များတွင် ဖော်ပြထားသည်။
ကော့ကရိတ်ဒေသအတွင်း၌ သင်္ကြန်ကာလတွင်းအချိန်မှ စတင်ကာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် ပူးပေါင်းတပ်များက အာဏာသိမ်းစစ်တပ်နှင့် ထိတွေ့တိုက်ပွဲများပြင်းထန်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုအကြိမ်များစွာ ပြုလုပ်ခဲ့သည်။
“လက်နက်ကြီးနဲ့ပစ်တယ်၊ ဒရုန်းနဲ့ကြဲတယ်၊ လေယာဉ်ကလည်း ဘာမှမရှောင်ဘူး။ ရွာတွေထဲကို ကြဲတော့ အဖေက ပိတ်မိသွားတယ်။ ကျွန်မတို့ကတော့ ကလေးတွေနဲ့ အရင်စစ်ရှောင်လာရတာ”ဟု ကျုံဒိုးဒေသခံ ကရင်တိုင်းရင်းသူတစ်ဦးက ပြောသည်။
တိမ်းရှောင်လာသူများမှာ နယ်စပ်ဖြတ်ကျော်ဂိတ်ဖြစ်သော ဒေသအခေါ် သဘာဝဂိတ်မှ တိမ်းရှောင်လာရပြီး မယ့်ရမတ်မြို့နယ်၊ အုပ်ချုပ်ရေးအဖွဲ့များ၊ ရဲတပ်ဖွဲ့များနှင့် နယ်စပ်ဒေသလုံခြုံရေးတပ်ဖွဲ့များက လူသားချင်းစာနာအထောက်အပံ့များပေးကာ ထိုင်းဘုန်းတော်ကြီးကျောင်းတွင် ယာယီခိုလှုံရန် နေရာချထားပေးခဲ့သည်ဟု ထိုင်းအာဏာပိုင်တစ်ဦးက ပြောသည်။
ထိုင်းတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် တိုက်ပွဲများပိုမိုပြင်းထန်လာသော အခြေအနေကြောင့် ဧပြီလ ၁၈ နောက်ပိုင်းမှစတင်ကာ နယ်စပ်ဖြတ်ကျော်တိမ်းရှောင်လာသူများ ပိုမိုများပြားလာဖွယ်ရှိသည်ဟု ဖော်ပြထားသည်။
ကော့ကရိတ်ဒေသအတွင်း စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဧပြီလ ၁၅ ရက်မှ ၁၉ ရက်အထိ ငါးရက်တာအတွင်း ကလေးငယ်၊ ကိုယ်ဝန်ဆောင်မိခင်နှင့် သက်ကြီးရွယ်အိုများအပါအဝင် ရှစ်ဦးထက်မနည်း သေဆုံးခဲ့ရသည်။






