တိုက်ပွဲများပြင်းထန်နေသည့် ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်အနောက်ခြမ်းရှိ ပန်းတောကြီးကျေးရွာအတွင်း ပိတ်မိနေသော ဒေသခံများကို အာရက္ခတပ်တော်(AA)နှင့် တော်လှန်ရေးပူးပေါင်းတပ်များက ဘေးလွတ်ရာနေရာများသို့ ခေါ်ဆောင်သွားခဲ့သည်ဟု ပန်းတောကြီးဒေသခံအချို့က သံလွင်ခက်ကို ပြောသည်။
“ရွာကနေ သင်္ကြန်ပြီးတာနဲ့ ရှောင်မလို့ပဲ။ ချက်ချင်းကြီး ထဖြစ်တော့ ဘယ်လိုမှ ရှောင်လို့မရတော့တဲ့ သူတွေရှိကုန်တယ်။ ခုက ရွာကို နှစ်ဖက်ညှပ်ပစ်တော့ ကြားထဲ ပိတ်မိသွားတဲ့ အခြေအနေဖြစ်သွားတယ်။ အေအေက ခေါ်ထုတ်ပြီး ဖုန်းတွေတော့ လုံခြုံရေးအရ လိုက်သိမ်းနေတယ်။ အဲဒီလိုလှမ်းပြောတယ်၊ အခုတော့ အဆက်အသွယ်မရတော့ဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။
၎င်းသည် သင်္ကြန်ရက်အတွင်း စစ်ဘေးရှောင်ခဲ့ပြီးနောက် မိသားစုဝင်တစ်ဦးမှာ နေအိမ်တွင် ပိတ်မိနေသည့် ပန်းတောကြီးဒေသခံတစ်ဦးဖြစ်သည်။
ဧပြီလ ၁၆ ရက်မှ စတင်ကာ လက်ရှိအချိန်အထိ တိုက်ပွဲများပြင်းထန်လျက်ရှိပြီး စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ရေဖြူရွာပေါ်မှ ဖြတ်ပျံသန်းကာ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင် လက်နက်ကြီးပစ်ခတ်မှုကြောင့် ပန်းတောကြီးရွာအတွင်းရှိ Mytel တာဝါတိုင်အနီးတွင် ယနေ့ညနေပိုင်းမှ စတင်ကာမီးလောင်ကျွမ်းခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“ပစ်တာက ဆက်တိုက်ပစ်နေတာ၊ အသံတွေက အစုံပဲ။ နှစ်ရက်ဆက်တိုက်ကို ပစ်နေတာ။ ခုညနေမှာတော့လေယာဉ် သုံးစီးနဲ့ အနီးတဝိုက်က ရွာတွေပေါ်ကနေ ဖြတ်ပျံပြီးကို ပစ်နေတာ။ ပြေးဖို့လမ်းကလည်း အတော်စဉ်းစားရခက်နေပြီ”ဟု ရေဖြူကျေးရွာဒေသခံတစ်ဦးက ပြောသည်။
လက်ရှိအချိန််တွင် AA နှင့်ပူးပေါင်းတပ်များက ပုသိမ်-မုံရွာကားလမ်းပေါ်ရှိ ပန်းတောကြီးတာဆုံနှင့် အနီးတဝိုက်တိုက် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်များက ပန်းတောကြီးနှင့် လေးမျက်နှာအကြားရှိ ဆီဆုံကုန်းဒေသတဝိုက်တွင် အင်အားဖြည့်တင်းကာ လက်နက်ကြီးပစ်ခတ်မှုများဆက်တိုက်ပြုလုပ်ခဲ့သည်။