နှစ်ဆန်းတစ်ရက်နေ့ဖြစ်သော ဧပြီလ ၁၇ ရက်နံနက်ခင်းမှစကာ တိုက်ပွဲများပြင်းထန်နေသော ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်အနောက်ခြမ်းရှိ ပန်းတောကြီးကျေးရွာကို အာရက္ခတပ်တော်(AA)နှင့် တော်လှန်ရေးပူးပေါင်းတပ်များက သိမ်းပိုက်လိုက်သည်ဟု ဒေသခံအချို့က အတည်ပြုပြောဆိုသည်။
AA ဦးဆောင်သော ပူးပေါင်းတပ်များသည် မတ်လ ၂၅ ရက်နောက်ပိုင်းတွင် ပုသိမ်-မုံရွာလမ်းနှင့် လေးမိုင်ခန့်အကွာတွင်ရှိသော တုံးတော၊ ဝတ်ကုန်းရွာများကို သိမ်းပိုက်ခဲ့ပြီး ဒေသခံအများစုမှာ ဘေးလွတ်ရာနေရများသို့ စစ်ဘေးရှောင်ခဲ့ကြသည်ဟု ကျားကိုက်ရွာနေထိုင်သော ဒေသခံတစ်ဦးက ပြောသည်။
“အေအေနဲ့ ပီဒီအက်ဖ်တွေက ပန်းတောကြီးလမ်းဆုံ(ပုသိမ်-မုံရွာလမ်းမဘေး)အနားက ပစ်တယ်။ ပန်းတောကြီးရွာအစွန် လေးမျက်နှာဘက်အထွက်မှာက စစ်တပ်ရှိတယ်။ ခုက ပန်းတောကြီးက စစ်ကောင်စီတပ်က ဆုတ်သွားပြီလို့ သိရတယ်။ ရွာသားတွေကတော့ စစ်ဘေးရှောင်နေကြရတာ သင်္ကြန်မတိုင်ခင်ကတည်းကပဲ”ဟု ဈေးဆိုင်ပိတ်ကာ စစ်ဘေးရှောင်နေရသူ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ပုသိမ်-မုံရွာကားလမ်းမအနီးတွင်ရှိသော ပန်းတောကြီးရွာနှင့် မြို့နယ်ရုံးစိုက်ရာ ငဝန်မြစ်ကမ်းအနီးရှိ လေးမျက်နှာမြို့သို့ ၁၁ မိုင်ခန့်အကွာသာရှိပြီး မြို့နေပြည်သူအချို့မှာ စတင်စစ်ဘေးရှောင်နေကြရသည်ဟု လူမှုကူညီရေးလုပ်ဆောင်နေသူတစ်ဦးက ပြောသည်။
“မနေ့ကစပြီး ငါးသိုင်းချောင်းဘက်ကလာတဲ့ ကားတွေရော ကွင်းကောက်ဘက်ကလာတဲ့ကားတွေရော ပန်းတောကြီးကို ဖြတ်သွားလို့မရတော့ဘူး။ မနေ့ကတော့ တနေကုန်တိုက်ပွဲဖြစ်နေတာရယ်။ ဒီနေ့ကတော့ ရွာကို သိမ်းလိုက်ပြီး ပေးမဖြတ်တော့ဘူးဆိုပြီး သတင်းကြားရတယ်”ဟု ကျားကိုက်ကျေးရွာဒေသခံတစ်ဦးက ပြောသည်။
အေအေနှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များရခိုင်ရိုးမကို ဖြတ်ကျော်ကာ ထိုးစစ်ဆင်လာသည့်နောက်ပိုင်းတွင် စစ်ကောင်စီတပ်များကငါးသိုင်းချောင်း၊ ချင်းလယ်၊ ကွင်းကောက်တို့တွင် အမြောက်များဆင်ကာ စခန်းချထားသည်ကို မြင်တွေ့ရသည်ဟု ဒေသခံအများစုက ပြောဆိုထားသည်။
ဓါတ်ပုံ – ပုသိမ်-မုံရွာကားလမ်းပေါ်ရှိ ပန်းတောကြီးရွာလမ်းဆုံ