ယနေ့ မတ်လ ၁၃ ရက်တွင် ကျရောက်သည့် ၇၆ ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့အား အွန်လိုင်းနှင့် မြေပြင်တို့တွင် အဖွဲ့အစည်း အသီးသီးက ကျင်းပခဲ့ကြသည်။
ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) တို့ ပူးပေါင်းကျင်းပသည့် ပအိုဝ်းအမျိုးသားနေ့အခမ်းအနားကို အွန်လိုင်းမှ တိုက်ရိုက် (Live) ထုတ်လွှင့် ကျင်းပခဲ့သည်။
ထိုင်း-မြန်မာနယ်စပ်ရှိ လွတ်မြောက်နယ်မြေတွင် ဖွင့်လှစ်ထားသည့် သူရိယစန္ဒာပအိုဝ်းအမျိုးသားစာသင်ကျောင်းတွင်လည်း ပထမဆုံးအကြိမ် ကျင်းပခဲ့ပြီး ကျောင်းတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသူ၊ ကျောင်းသားများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်များအပါအဝင် စုစုပေါင်း လူ ၁၀၀ ခန့် တက်ရောက်ခဲ့သည်။
ထို့အပြင် ပြည်ပနိုင်ငံမှ ပအိုဝ်းတိုင်းရင်းသားများကလည်း ၇၆ ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့အား ၎င်းတို့ ရောက်ရှိနေသည့် နိုင်ငံများတွင် ကျင်းပခဲ့သည်။
ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) တို့နှစ်ဖွဲ့ ပူးပေါင်း ကျင်းပသည့် အွန်လိုင်း အခမ်းအနားပြီးချိန်တွင်တော့ ပူးတွဲကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။
ပြည်နယ်သစ်များ ပေါ်ထွန်းခွင့်ရှိသည့် ဖက်ဒရယ်ပြည်ထောင်စုထူထောင်ရေးကို ပအိုဝ်းတစ်မျိုးသားလုံး၏ အမျိုးသားရေးရည်မှန်းချက်အဖြစ် ချမှတ်ထားသည့်အတိုင်း ဆက်လက်လျှောက်လှမ်းရန်၊ ပအိုဝ်းပြည်သူများ အနေဖြင့် စစ်ကောင်စီနှင့် ခရီုနီများ အသုံးချခံဘဝမှ ရှောင်ရှားရန်နှင့် ဆန့်ကျင်တော်လှန်ရန် အလေးအနက်တိုက်တွန်းကြောင်း အဆိုပါ ကြေညာချက်တွင် ပါရှိသည်။
စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းအမျိုးသားတပ်မတော်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO/PNA) က ပအိုဝ်းပြည်သူများအား ရှေ့တန်းစစ်မြေပြင်များတွင် လူသားဒိုင်းအဖြစ် အသုံးချနေခြင်းအား ရပ်တန့်ရန်နှင့် ပအိုဝ်းပြည်သူများနှင့် ပူးပေါင်း၍ စစ်ကောင်စီအား တော်လှန်ရန် တိုက်တွန်းကြောင်းလည်း အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။
ထို့အပြင် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ပြည်နယ်သစ်များ ပေါ်ထွန်းခွင့်ရှိသော ဖက်ဒရယ်ပြည်ထောင်စုကို စုပေါင်းထူထောင်ရေးအတွက် ခေတ်ပြောင်း စနစ်ပြောင်းတော်လှန်ရေးတွင် ဗမာအပါအဝင် တိုင်းရင်းသား အင်အားစုအားလုံးနှင့် လက်တွဲ ပူးပေါင်းရန် တိုက်တွန်းကြောင်းလည်း ရေးသားထားသည်။
ပုံစာ – မတ်လ ၉ ရက်နေ့က ထိုင်းနိုင်ငံတွင် ကျင်းပသည့် ပအိုဝ်းအမျိုးသားနေ့ မြင်ကွင်းများ








