အမီးလေး
အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံရှိ အကျဉ်းထောင်အသီးသီး၌ အကျဉ်းကျနေသည့် နိုင်ငံရေးအကျဉ်းသား ၁၀ ဦးမှ ၅၀ ဦးအထိ လွတ်ရက်စေ့ပြီးသော်လည်း စစ်ကောင်စီက မလွှတ်ပေးဘဲ ဖမ်းဆီးထားသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။
“ဒီလိုဖြစ်စဉ်တွေနဲ့ပတ်သက်ပြီးတော့ စစ်ကိုင်းတိုင်းမှာ ရှိတဲ့ ကလေးအကျဉ်းထောင်နဲ့ ရွှေဘိုအကျဉ်းထောင်တွေမှာ ဖြစ်ခဲ့ဖူးတဲ့ ကိစ္စရပ်တွေကို ထုတ်ပြန်ခဲ့ဖူးတာရှိပါတယ်။ အဲဒီတော့ ကျနော်တို့ ဒီရွှေဘိုနဲ့ပတ်သက်ပြီးတော့ဆိုရင် အရေအတွက် တော်တော်များများမှာ ပြန်လည်ဖမ်းဆီးတဲ့ ဖြစ်စဉ်တွေ ရှိတယ်။ ကလေးအကျဉ်းထောင်မှာဆိုရင်လည်း ငါးဦးဝန်းကျင်လောက်ကိုမှ လွတ်ရက်စေ့တာကိုမှ စစ်တပ်ဝန်းထဲမှာ ပြန်လည် ဖမ်းဆီးပြီးတော့မှ ထောင်ပြန်ပို့တာမျိုးတွေလည်း ဖြစ်တယ်။ ပြီးတော့ လွိုင်ကော်အကျဉ်းထောင်မျိုးမှာလည်း ဖြစ်တာရှိတယ်” ဟု ပြောသည်။
၎င်းက ဆက်ပြီး “အရေအတွက်စုစုပေါင်းကို အတိအကျပြောဖို့တော့ အင်မတန် ခက်ခဲပါတယ်။ ဘာလို့လဲဆိုတော့ အရေအတွက်အားဖြင့် အနည်းဆုံး ၁၀ ဦးကနေမှ ၅၀ ဦးဝန်းကျင်အထိ ဒီလိုဖြစ်စဉ်တွေနဲ့ ကြုံခဲ့ရတယ်လို့ ပြောလို့ရပါတယ်” ဟုဆိုသည်။
ကရင်နီပြည်နယ်ရှိ လွိုင်ကော်အကျဉ်းထောင်တွင်လည်း နိုင်ငံရေးအကျဉ်းသား ငါးဦးအား လွတ်ရက်စေ့သော်လည်း ယနေ့အချိန်အထိ မလွှတ်ပေးဘဲ ထပ်မံအမှုဖွင့်ကာ ထောင်ချဖမ်းဆီးလိုက်သည်ဟု ကရင်နီက နိုင်ငံရေးအကျဉ်းသူဟောင်းတစ်ဦးကပြောသည်။
“အမျိုးသမီးတစ်ဦးဆိုရင် ဖေဖော်ဝါရီလကတည်းက သူ့ရဲ့ လွတ်ရက်စေ့တာပေါ့နော်။ အမျိုးသားတွေကတော့ ၁၂ လပိုင်းကတည်းက လွတ်လာပြီး ဒါပေမယ့် နောက်အမှုတပ်ပြီးတော့ ထောင်ထဲ ပြန်ပို့ထားတယ်။ လောလောဆယ် ငါးယောက် ရှိတယ်။ ကျမထင်တာတော့ စကစကနေပြီးတော့ တမင်သက်သက် ယုတ်မာတာပေါ့။ သူတို့ရဲ့ စိတ်ဓာတ်စစ်ဆင်ရေးလို့ ထင်ပါတယ်” ဟုဆိုသည်။
ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်တွင် အကျဉ်းချခံထားရသည့် ရိုဟင်ဂျာအကျဉ်းသားများထဲမှ လွတ်ရက်စေ့သူ စုစုပေါင်း ၉၃၆ ဦးကို ဖေဖော်ဝါရီလ ၁၆ ရက်တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ပို့ဆောင်ခဲ့ကာ ယနေ့အချိန်အထိ မလွတ်မြောက်သေးဟု PPMM မှ သိရသည်။