ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် အလုပ်လုပ်ကိုင်ခွင့် Work permit သက်တမ်းတိုးရန် စောင့်ဆိုင်းနေသော ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် နှစ်နိုင်ငံသဘောတူမှု MOU စနစ်ဖြင့် တိုးစရာ မလိုတော့ဘဲ ပုံမှန် လုပ်ရိုးလုပ်စဉ်အတိုင်း ထိုင်းနိုင်ငံတွင်သာ သက်တမ်းတိုးနိုင်တော့မည်ဟု သိရသည်။
မြန်မာရွှေ့ပြောင်းအလုပ်သမားများကိစ္စနှင့်ပတ်သက်၍ မတ်လ ၁၁ ရက်တွင် ထိုင်းနိုင်ငံအစိုးရ အလုပ်သမား ဝန်ကြီးဌာနနှင့် စစ်ကောင်စီ၏ မြန်မာအလုပ်သမားဝန်ကြီးဌာနတို့ အွန်လိုင်းမှ တွေ့ဆုံဆွေးနွေးခဲ့ရာတွင် သဘောတူညီချက် ရရှိခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၃ ရက်က အလုပ်လုပ်ကိုင်ခွင့် Work permit နှင့် ဗီဇာသက်တမ်း ကုန်ဆုံးသွား၍ ဆက်တိုးရန် စောင့်ဆိုင်းနေသည့် မြန်မာအလုပ်သမား ၁.၇ သန်းကျော် ရှိနေသည်ဟု အလုပ်သမားအရေးဆောင်ရွက်နေသူများထံမှ သိရသည်။
အဆိုပါ သက်တမ်းတိုးမည့် သူများမှာ ကနဦးက ထိုင်းနိုင်ငံသို့ ရောက်ရှိနေပြီးဖြစ်သော်လည်း MOU စနစ်ဖြင့်သာ သက်တမ်းတိုးနိုင်တော့မည်ဆိုသည့် ပြီးခဲ့သော ၂၀၂၄ ခုနှစ် စက်တင်ဘာလ ဝန်ကြီးများအစည်းအဝေး ထုတ်ပြန်ခဲ့သည်။ ထို့နောက် ယခုနှစ်ဆန်းတွင် သက်တမ်းကုန်သွားသော ရွှေ့ပြောင်းအလုပ်သမားများ သက်တမ်းတိုးလုပ်ငန်းစဉ်လုပ်ဆောင်ရန် ထိုင်း ပြည်ထဲရေးဝန်ကြီးဌာနက ၆ လ ထပ်မံဖြေလျှော့ပေးခဲ့သေးသော်လည်း လုပ်ငန်းစဉ်များမှာ ကြန့်ကြာလျက်ရှိသည်။
ယခုတွင်တော့ ထိုင်းနိုင်ငံတွင် နှစ်စဉ်ပုံမှန်သက်တမ်းတိုးဆောင်ရွက်သည့် ပုံစံအတိုင်းသာ လုပ်ဆောင်နိုင်တော့မည်ဖြစ်ပြီး အလုပ်လုပ်ကိုင်ခွင့် Work permit သက်တမ်းမှာ ယခင်အတိုင်းပင် တစ်နှစ်ထပ်မံ ရရှိမည်ဖြစ်သည်။ MOU စနစ်ဖြင့် သက်တမ်းတိုးပါက နှစ်နှစ်ရရှိမည်ဖြစ်သော်လည်း မြန်မာသံရုံးဘက်မှ စိစစ်လုပ်ဆောင်မှု အချိန် ကြန့်ကြာမည်ကို အလုပ်သမားများက စိုးရိမ်နေကြသည်။
သက်တမ်းတိုး လုပ်ဆောင်နေသည့် ရွှေ့ပြောင်းအလုပ်သမား အမျိုးသားတစ်ဦးက “ဖေဖော်ဝါရီကတည်းက ဝေါ့ခ်ပါမစ်က သက်တမ်းကုန်လို့ တင်ထားတာ အခုထိ Name List (နာမည်စာရင်း) ထွက်လာပြီး ရှေ့ဆက်မတိုးသေးဘူး။ တချို့ဆေးစစ်ပြီးပြီဆိုပေမယ့် သက်တမ်းတိုးလို့ ရမှာလား မရဘူးလားက သတင်းအမျိုးမျိုးထွက်နေတော့ စိတ်ပူမိတယ်” ဟု ပြောသည်။
ယခု အစည်းအဝေး သဘောတူညီမှုအရ သက်တမ်းတိုးရန်အတွက် ပုံမှန်အတိုင်း ထိုင်းနိုင်ငံတွင်သာ လုပ်ကိုင်ပေးသွားမည်ဖြစ်ပြီး ရှေ့ဆက်၍ ကြေညာချက်များထွက်လာပြီးနောက် ဆက်လက်လုပ်ကိုင်နိုင်မည်ဖြစ်သည်ဟု သိရသည်။
သို့သော် ထိုသက်တမ်းတိုးကိစ္စနှင့်ပတ်သက်၍ ထိုင်းနိုင်ငံရှိ ကူညီလုပ်ဆောင်ပေးနေသူ တစ်ဦးကတော့ တရားဝင် ထိုင်းအစိုးရအနေဖြင့် စာထုတ်ပြန်ခြင်းမရှိသေး၍ အတိအကျမသိရသေးဟု ဆိုသည်။
ထို့အပြင် CI (Certificate of Identity) စာအုပ်အစိမ်း သက်တမ်းတိုးရမည့်သူများ၊ စာအုပ်အသစ်လဲရမည့်သူများအတွက်လည်း ပြန်လဲပေးရန် ထပ်မံဆွေးနွေးလုပ်ဆောင်နေသည်ဟု သိရသည်။
ထိုင်းနိုင်ငံတွင်း အလုပ်လုပ်နေပြီး မြန်မာပြည်သို့ ခေတ္တပြန်လိုသည့် အလုပ်သမားများအတွက်လည်း ထိုင်းနိုင်ငံသို့ ပြန်လည်ဝင်ရောက်ခွင့် (Reentry Visa) တံဆိပ်တုံး ထုစရာမလိုဘဲ ပြန်လည် ဝင်ရောက်နိုင်ရန် ဆက်လက်ဆွေးနွေးလုပ်ဆောင်သွားမည်ဟု အစည်းအဝေးရလဒ်အရ သိရသည်။
ပုံစာ-ထိုင်းရောက်ရွှေ့ပြောင်းအလုပ်သမားများ CI ပြုလုပ်နေသော မြင်ကွင်း(သံလွင်ခက်)