မြဝတီဒေသအတွင်းရှိ ကျားဖြန့်နှိမ်နှင်ရေးစီမံချက်ကာလတွင် တွေ့ရှိရသော အိုင်တီပစ္စည်းများကို လွှဲပြောင်းပေးရန်အတွက် ကရင်နယ်ခြားစောင့်တပ်(BGF)ကို တရုတ်နိုင်ငံတာဝန်ရှိသူများက တောင်းဆိုခဲ့သည်ဟု သိရသည်။
ကရင်ပြည်နယ်၊ ရွှေကုက္ကိုမြို့တွင် BGFက ပြုလုပ်သော ကျားဖြန့်နှိမ်နှင်းရေး တစ်လပြည့်သတင်းစာရှင်းလင်းပွဲတွင် ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး နိုင်မောင်ဇော်က သတင်းမီဒီယာများနှင့်တွေ့ဆုံရာတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။
“လက်ရှိမှာက ဒီလုပ်ငန်းတွေကို လူနေတိုက်ခန်းတွေမှာ ကြားညှပ်ပြီး ရုံးခန်းပုံစံမျိုးနဲ့တွေ့ရတယ်။ အခုတော့ အဲဒီပစ္စည်းတွေကို အမျိုးအစားအလိုက် စုစည်းသိမ်းဆည်းထားတယ်။ အဆောက်အဦတွေကိုတော့ ချိတ်ပိတ်ထားတယ်” ဟု ပြောဆိုခဲ့သည်။
အဆိုပါသတင်းစာရှင်းလင်းပွဲအပြီးတွင် အွန်လိုင်းငွေလိမ်ခြင်းတွင် အသုံးပြုသည်ဟု ယူဆရသော ကွန်ပျူတာ System Unit များ၊ လက်တော့ပ်ကွန်ပျူတာများနှင့် မိုဘိုင်းဖုန်းများကို လိုက်လံပြသခဲ့ပြီး ပြန်လည်လွှဲပြောင်းမည့်လုပ်ငန်းစဉ်ကို ပြောဆိုခဲ့သည်။
“လက်ရှိမှာက ကျွန်တော်တို့အနေနဲ့ ဒီပစ္စည်းတွေကို စစ်ဆေးထားတာမရှိဘူး။ သူတို့စစ်ဆေးတဲ့အခါမှာ ခြေရာလက်ရာပျက်တာမျိုး၊ သဲလွန်စရှာမရတာမျိုးမဖြစ်အောင်စေချင်တဲ့ သဘောပါပဲ”ဟု ဒုဗိုလ်မှူးကြီး နိုင်မောင်ဇော်က ပြောသည်။
ကရင်နယ်ခြားစောင့်တပ်အနေဖြင့် ဖေဖော်ဝါရီ ၁၄ ရက်မှ စတင်ကာ ကျားဖြန့်နှိမ်နှင်ရေးစီမံချက်ကို စတင်ခဲ့ပြီးနောက် အဆိုပါလုပ်ငန်းခွင်များတွင် ရောက်ရှိနေသော နိုင်ငံပေါင်း ၃၀ မှ နိင်ငံခြားသား ၇၅၂၃ ဦးကို ခေါ်ထုတ်၊ ထိန်းသိမ်းခဲ့သည်။
၎င်းတို့အနက်မှ ၃၂၁၃ ဦးကို ပြန်လည်လွှဲပြောင်းပေးခဲ့ပြီးနောက် ၄၀၀၀ ကျော်မှာ ယာယီထိန်းသိမ်းရေးစခန်းများတွင် ကျန်ရှိနေသည်ဟု BGF က ထုတ်ပြန်သော စာရင်းများအရသိရှိရသည်။
ဓါတ်ပုံ – ကျားဖြန့်နှိမ်နှင်းရေးတွင် သိမ်းဆည်းရမိသော လုပ်ငန်းသုံးပစ္စည်းများ(သံလွင်ခက်)






