ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ ကျားဖြန့်ငွေလိမ်ဂိုဏ်းများတွင် ဖမ်းဆီးခံထားရသည့် အိန္ဒိယနိုင်ငံသား ၅၄၉ ဦးကို ၎င်းတို့နိုင်ငံပိုင် စစ်လေယာဉ်ဖြင့် တိုက်ရိုက် နှစ်ရက်ဆက်တိုက် လာခေါ်ယူခဲ့သည်ဟု သိရသည်။
အဆိုပါ လွှဲပြောင်းပေးသူများမှာ ကရင်နယ်ခြားစောင့်တပ် (BGF) က ရွှေကုက္ကို၊ KK Park အပါအဝင် ကျားဖြန်းလုပ်ငန်းများ တည်ရှိရာ မြဝတီဘက်ခြမ်း နေရာများမှ ရှာဖွေခေါ်ထုတ်ခဲ့သူများ ဖြစ်သည်။
ယနေ့ မတ်လ ၁၁ ရက်တွင် အိန္ဒိယနိုင်ငံသား ၂၆၆ ဦးအား ဒုတိယအကြိမ် လာရောက်ခေါ်ယူခဲ့ပြီး မနေ့က မတ်လ ၁၀ ရက်တွင် ပထမအကြိမ် ၂၈၃ ဦးကို အိန္ဒိယအစိုးရက မြန်မာနိုင်ငံ မြဝတီဘက်မှ ထိုင်းနိုင်ငံ မဲဆောက်သို့တဆင့်၊ ထို့နောက် မဲဆောက်လေဆိပ်မှ ခေါ်ယူခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် ကျားဖြန့်ငွေလိမ်ဂိုဏ်းများတွင် လူကုန်ကူးခံထားရသည့် မလေးရှားနိုင်ငံသား ၂၄ ဦးအားလည်း မြဝတီမြို့မှ ထိုင်းနိုင်ငံ မဲဆောက်ကို ဖြတ်ကာ မလေးရှားနိုင်ငံသို့ ခရီးသည်တင်ကားဖြင့် ပြန်ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။
လက်ရှိအချိန်အထိ ကျားဖြန့်ငွေလိမ်ဂိုဏ်းလုပ်ငန်းများတွင် ဖမ်းဆီးခံထားရသူ နိုင်ငံပေါင်း ၃၀ ကျော်မှ နိုင်ငံခြားသား ၇၀၀၀ ကျော်ရှိခဲ့ကြောင်း စုံစမ်းသိရသည်။
ပြီးခဲ့သည့် မတ်လ ၆ ရက်မှ ၉ ရက်အထိ လေးရက်အတွင်း မြဝတီဒေသတွင်းရှိ ကျားဖြန့်ငွေလိမ်ဂိုဏ်းများတွင် လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၁၄၃၉ ဦးကို မဲဆောက်-မြဝတီချစ်ကြည်ရေးတံတား ၂ မှတဆင့် မဲဆောက်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ တရုတ်နိုင်ငံသို့ လေယာဉ်ခရီးစဉ် ၁၉ ကြောင်း ပြေးဆွဲပြီး ပြန်လည်ပို့ဆောင်ခဲ့သည်။
မြဝတီဒေသတွင်းမှ ကျားဖြန့်ဂိုဏ်းများအား တရုတ်၊ ထိုင်းနှင့် အဆိုပါ ဒေသအတွင်းတွင် လှုပ်ရှားနေသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်မျာက ပူးပေါင်း၍ နှိမ်နင်းနေခြင်းဖြစ်သည်။
ပုံစာ – အိန္ဒိယနိုင်ငံသားများအား လွှဲပြောင်းပို့ဆောင်ခဲ့သော မြင်ကွင်း (ဓာတ်ပုံ – သံလွင်ခက်)










