ထိုင်းနိုင်ငံတွင်း တရားမဝင်နေထိုင်းသူများနှင့် ခွင့်ပြုကာလထက် သက်တမ်းကျော် နေထိုင်သူများအား ရှင်းလင်းရေးစီမံချက်အနေဖြင့် ယနေ့တွင် မဲဆောက်မြို့၌ နိုင်ငံခြားသား ၇ ဦး ဖမ်းဆီးခံခဲ့ရသည်ဟု ထိုင်းဒေသကွပ်ကဲရေးတပ်ဖွဲ့မှ သိရသည်။
မတ်လ ၁၁ ရက် မွန်းတည့် ၁၂း၃၀ နာရီတွင် ထိုင်းရဲအရာရှိများ၊ လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေးအရာရှိများပါဝင်သည့် စစ်ဆေးရေးအဖွဲ့သည် ထိုင်းနိုင်ငံ၊ တက်ခ်ခရိုင်၊ မဲဆောက်မြို့ရှိ ဘန်ချုပ်ဒီး ဟိုတယ်ကို စစ်ဆေးခဲ့ရာ ပါကစ္စတန် နိုင်ငံသား ၄ ဦးနှင့် ဗီယက်နမ် နိုင်ငံသား ၃ ဦးကို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
အဆိုပါ နိုင်ငံခြားသားများမှာ ထိုင်းနိုင်ငံတွင် ခွင့်ပြုထားသော နေထိုင်ခွင့်ကာလထက် ကျော်လွန်နေထိုင်ခြင်းဖြင့် လူဝင်မှုကြီးကြပ်ရေးဥပဒေများကို ချိုးဖောက်ထားသည်ဟု ဆိုထားပြီးဥပဒေအရ ဆက်လက်အရေးယူဆောင်ရွက်နိုင်ရန် တက်ခ် လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့သည်ဟု သိရသည်။
ထိုင်းအစိုးရအနေဖြင့် တရားမဝင်နေထိုင်းသူများနှင့် ရက်ကျော် နေထိုင်သူများအား ရှင်းလင်းရေးစီမံချက်ကို ယခုရက်ပိုင်းအတွင်း အကောင်အထည်ဖော် လုပ်ဆောင်ကာ ရှာဖွေဖမ်းဆီးမှုများ လုပ်ဆောင်လျက်ရှိသည်။



