ပြည်ပသို့အလုပ်လုပ်ကိုင်ရန် ထွက်ခွါပါက မဖြစ်မနေလိုအပ်သည့် သက်သေခံကဒ် OWIC)ကတ်အသစ်များကို ယခု မတ်လ၂၀ရက်နေ့မှစတင်၍ ပြန်ထုတ်ပေးမည် ဖြစ်သော်လည်း ယခင် One Stop Service စနစ်အား ရပ်ဆိုင်းလိုက်ကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီများထံမှ စုံစမ်းသိရသည်။
စစ်ကောင်စီ လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနမှ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် OWIC ကဒ် ထုတ်ပေးခြင်းအား ရုတ်တရက် ရပ်ဆိုင်းပြီး ပြန်လည်ထုတ်ပေးမည်ဟု မတ်လ ၁၀ ရက်နေ့တွင် ကြေညာ လိုက်သည်။
OWIC ကဒ် ထုတ်ပေးသည့် စက်များ၌ Softwareများပြုပြင်ခြင်း၊ စင်တာများအား တနေရာတည်း ပူး ပေါင်းခြင်းနှင့်အလုပ်ရှင်နှင့် အလုပ်သမား စာချုပ်ချုပ်ဆိုသည့် နေရာများအား တစုတစည်းတည်းဖြစ်အောင် ပြင်ဆင်ခြင်း လုပ် ငန်းများကြောင့် ရပ်ဆိုင်းခဲ့ရခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။
သို့သော် OWIC ကဒ်အား ယခင်က One Stop Service စနစ်ဖြင့် ထုတ်ပေးသော်လည်း မတ်လ၂၀ရက်နေ့မှစ၍ မြောက်ဒဂုံ ပင်လုံခန်းမတွင် သင်တန်း တစ်ပတ်ခန့်တက်ပြီးမှသာ ရရှိမည်ဟု အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ များမှ သုံးသပ်သည်။
“OSS က OWIC ကဒ်ကို သင်တန်းတရက်ပဲတက်ပြီး နောက်နေ့ထုတ်ပေးတယ်။ ပုံမှန်လမ်းကြောင်းက မြောက်ဒဂုံပင်လုံမှာ သင်တန်း တပတ်လောက်တက်ရတယ်။ ပြီးမှ ကဒ် ထုတ်ပေးတာ။” ဟု ပြည်ပအလုပ် အကိုင်ရှာဖွေရေး အေဂျင်စီမှ အမျိုးသားတစ်ဦးက ပြောသည်။
ထိုသို့ One Stop Service စနစ်အား ရပ်ဆိုင်းလိုက်ခြင်းကြောင့် ယခင်က ပြည်ပသို့ ထွက်ခွာရန် ငါးလခန့် ကြာမြှင့်ပါက ယခု ခုနှစ်လ အထိ ကြာမြှင့်နိုင်သည်ဟု အဆိုပါ အမျိုးသားမှ ထပ်မံသုံးသပ်သည်။
လက်ရှိတွင် ပြည်ပနိုင်ငံများမှ အလုပ်လုပ်ကိုင်ခွင့်စာချုပ်ချုပ်ဆိုထားပြီး OWIC ကဒ် အားထုတ်ယူရန် စောင့်ဆိုင်းနေသည့် အလုပ်သမားများစွာရှိပြီး အဆိုပါ ကဒ်မရရှိခြင်းကြောင့် လေယာဉ်လက်မှတ် ဆုံးရှုံးမှုများ လည်း ကြုံတွေ့နေရသည်ဟု ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေထံမှ သိရသည်။
OWIC ကဒ် ကိုင်ဆောင်ထားသူများ၊ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူများနှင့် ခွင့်ရက်ဖြင်ပြန်လာ၍ ပြည်ပသို့ပြန်လည်ထွက်ခွါမည့်သူများလည်း စာရွက်စာတမ်းများနှင့် Online မှတဆင့်လျှောက်ထားနိုင်သည်ဟု ထုတ်ပြန်ထားသည်။
ပြည်ပသို့ အလုပ်လုပ်ကိုင်ခွင့်ရရှိသူများကို မတ်လ ၂၀ ရက်နေ့မှစတင်၍ Safe Migration Telegram Channel မှတဆင့်ထုတ်ပြန်ကြေညာသွားမည်ဟုသိရသည်။
သို့သော် စစ်ကောင်စီမှ စစ်မှု့ထမ်းအကျုံးဝင်အသက် ၁၈-၃၅ နှစ်အရွယ်သူများကို ပြည်ပသို့ထွက်ခွါခွင့် ဆက်လက် ပိတ်ပင်ထားသည်။
ထို့ကြောင့် လူငယ်၊ လူရွယ်များ အနေဖြင့် OWIC ကဒ် ရရှိသော်လည်း ပြည်ပသို့ ထွက်ခွါခွင့်မှာ မသေချာ မရေရာဖြစ်နေဆဲ ဖြစ်သည်။
ဓာတ်ပုံ – စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာန