အမီးလေး
ကချင်ပြည်နယ်တွင် ဖေဖော်ဝါရီလနှင့်မတ်လ နှစ်လအတွင်း အမျိုးသမီး ၈ ဦးအသတ်ခံခဲ့ရသည်ဟု Kachin Human Rights Watch-KHRW မှတာဝန်ရှိသူ JACOB ကအတည်ပြုပြောသည်။
မြစ်ကြီးနားမြို့၊ဝိုင်း မော် မြို့နှင့် လိုင်ဇာမြို့တို့တွင် သေဆုံးသူ အမျိုးသမီးများသည် မိမိနေအိမ်တွင်ပင် သတ်ခံရခြင်းဖြစ်ပြီး လူသတ်တရားခံများအား ယနေ့ချိန်ထိ ဖော်ထုတ် ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း ၎င်းကဆက်ပြောသည်။
“အဓိကဒီလိုမျိုးဖြစ်ရတဲ့အကြောင်းအရင်းကတော့ တရားဥပဒေစိုးမိုးရေးပျက်ပြားသွားလို့ဖြစ်ပါတယ်၊ အချိန်ဆိုရင်အမျိုးသမီးတွေရဲ့ လုံခြုံရေးကတော့ အရမ်းကိုစိုးရိမ်ရတဲ့အခြေအနေဖြစ်ပါတယ်။ အနေအိမ်တွေမှာတောင် မလုံခြုံတဲ့အခြေအနေရှိပါ တယ်၊အမျိုးသမီးတွေရဲ့ ကိုယ့်ကိုယ်ကို လုံခြုံရေး သတိထားဖို့လိုအပ်ပါ တယ်။ လူသွားလူလာ နည်းတဲ့ နေရာတွေမှာ မသွားလာဖို့ နေအိမ်တွေမှာလည်း လုံခြုံရေးသေခြာလုပ်ထားဖို့လိုအပ်ပါတယ်” ဟုဆို သည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတွင်လည်း မြစ်ကြီးနားမြို့၌ အမျိုးသမီးတစ်ဦးအား ၎င်း၏နေအိမ်တွင် သေဆုံးလျက်တွေ့ရှိခဲ့ရပြီး နောက်တစ်ဦးမှာလည်း ဆိုင်ကယ်လုယက်ခံရပြီး အသတ်ခံခဲ့သည်ဟု KHRW ၏ အချက်အလက်များအရ သိရသည်။ ထိုပြင် လိုင်ဇာမြို့တွင်လည်း အမျိုးသမီးငယ် ၃ ဦးပြန်ပေးဆွဲ သတ်ဖြတ်ခံရသည်။
“အမျိုးသမီးတွေရဲ့လုံခြုံရေးက စိုးရိမ်ရေးမှတ်ရောက်နေပြီး၊တခြားဒေသမှာတော့ ဒီလိုမျိုးအဖြစ်တော့ မရှိဘူးလို့ပြောလို့ရတယ်” ဟုဆိုသည်။
ယခု မတ်လတွင်လည်း နေအိမ်တွင်ပင် နေထိုင်နေသည့် အမျိုးသမီး နှစ်ဦး အသတ်ခံရပြီး အမျိုးသမီးတစ်ဦး၏ အလောင်းတစ်ခုအား အမှိုက်ပုံတွင် ပြန်လည်တွေ့ရှိခဲ့သည်ဟု စုံစမ်းသိရသည်။
ယင်းသို့ နှစ်လ အတွင်းတွင် ကချင်ပြည်နယ်ရှိ မြို့များထဲမှ မြစ်ကြီးနားမြို့တွင် လေးဦး ၊ဝိုင်းမော်မြို့တွင် တစ် ဦးနှင့် လိုင်ဇာမြို့တွင် မိန်းကလေးငယ် သုံး ဦးအသတ်ခံခဲ့ရပြီူ လိုင်ဇာမြို့တွင်ဖြစ်ပွားခဲ့သည့် လူသတ်မှု၏ တရားခံ အသက် ၂၅ နှစ် အရွယ် အမျိုးသားတစ်ဦးတည်းကိုသာ ဖမ်းဆီးနိုင်သေးကြောင်း စုံစမ်းသိရသည်။
ပုံစာ – မြစ်ကြီးနားမြို့၊အင်ဂျန်ဒုံရပ်ကွက်ရှိ အမှိုက်ပုံတစ်ခုတွင် စွန့်ပစ်ထားသည့်အမျိုးသမီးအလောင်းအား မတ်လ ၄ ရက်နေ့တွင် တွေ့ရစဉ်