ခင်သရဖီဦး
ရခိုင်ပြည်နယ်၊ ဂွမြို့နယ် ဘဝင်ကျေးရွာကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် အမျိုးသား တစ်ဦး သေဆုံးပြီး နှစ်ဦး ပြင်းထန် ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် မတ်လ ၉ ရက် သန်းခေါင်ကျော် ၁ နာရီခွဲခန့်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ဘဝင်ကျေးရွာမှ နေအိမ်တစ်အိမ်အား ဗုံးကျပြီး မိသားစုဝင်တစ်ဦး သေဆုံးကာ နှစ်ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု ဂွဒေသခံတစ်ဦးမှ ပြောသည်။
“လူတွေ အိပ်ပျော်နေတဲ့ အချိန်မှာ လာကျတာပါ။ ည ၁ နာရီကျော်လောက်မှာ တခေါက်တည်း ချသွားတာပေါ့လေ အဖေဖြစ်သူက သေဆုံးသွားပါတယ်။ နောက် မိသားစုဝင် နှစ်ဦးပေါ့လေ။ သမီးဖြစ်သူနဲ့ သားဖြစ်သူက ဒဏ်ရာ ရရှိသွားပါတယ်။ ဒဏ်ရာ ပြင်းတယ်လို့လည်း သိရတယ်” ဟု ၎င်းက ဆိုသည်။
သေဆုံးသွားသူမှာ အသက် ၆၀ နှစ်အရွယ် ဖခင်ဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူများမှာ ၎င်း၏ သမီးဖြစ်သူ အသက် ၂၆ နှစ်အရွယ် အမျိုးသမီးနှင့် အသက် ၁၂ နှစ်အရွယ် သားဖြစ်သူတို့ ဖြစ်သည်။
သမီးဖြစ်သူမှာ မျက်လုံးတစ်ဖက်တွင် ဗုံးစထိမှန်သွားပြီး သားဖြစ်သူတွင်လည်း ကျောရိုးတစ်လျှောက် ပြင်းထန် ဒဏ်ရာ ရရှိသွားသည်ဟု သိရသည်။
“သမီးဖြစ်သူက ဘယ်ဖက် မျက်လုံးတစ်ဖက် ဖောက်ထွက်သွားပြီတော့ သားဖြစ်သူကတော့ ဆီးအုံနဲ့ တင်ပါးတွေ ကျောရိုးတွေမှာ ဒဏ်ရာရသွားတယ်လို့ သိရတယ်။ ဒဏ်ရာပြင်းထန်တော့အသက်အန္တရာယ်တော့ စိုးရိမ်ရတာပေါ့” ဟု ဂွဒေသခံက ဆိုသည်။
စစ်ကောင်စီအနေဖြင့် တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့် နေရာများတွင်လည်း ယခုကဲ့သို့ နေ့ညမရွှေး အပြစ်မဲ့ အရပ်သားကျေးရွာများသို့ ပစ်ခတ်နေခြင်းဖြစ်သည်။
ထိုသို့ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေခြင်းကြောင့် ညအချိန်တွင် ဗုံးကျင်းထဲ အိပ်စက်ကြရဟည်ဟု ဒေသခံ အချို့က ဆိုသည်။
“စစ်ကောင်စီတပ်က ဘယ်အချိန်မဆို လာပြီးတော့ ပစ်ခတ်တိုက်ခိုက်နေတာတွေ ရှိတယ်ပေါ့လေ။ ကျွန်မတို့ကတော့ညအချိန်ဆို ဗုံးတွင်းတွေမှာ အိပ်ရတာမျိုးတွေ ရှိတယ်။ သူတို့ဘယ်အချိန် လာပစ်မလဲ ဆိုပြီးတော့ စိုးရိမ်နေကြရတာပေါ့” ဟုကျောက်တော်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
စစ်ကောင်စီသည် လေကြောင်းမှ နေ၍ အာရက္ခတပ်တော် သိမ်းပိုက်ထားသည့် မြို့နယ်များအား နေ့စဉ် လေကြောင်းမှ ဂျက်ဖိုက်တာများဖြင့် တိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ကျေးရွာ၊ စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်းများအား ပစ်ခတ်ခြင်းများရှိနေသည့်အတွက် ထိခိုက်သေဆုံးမှု မြင့်တက်လျက်ရှိနေသည်။
အာရက္ခတပ်တော်အနေဖြင့် ချင်းပြည်နယ် ပလက်ဝ မြို့နယ်အပါအဝင် ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၄ ခုအား သိမ်းပိုက်ထားပြီး ကျောက်ဖြူနှင့် စစ်တွေမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားနေသည်။
Photo – CNA