ဘုန်းမောင်
ပြီးခဲ့တဲ့ ၄ နှစ်တုန်းကတော့ တရုတ်နဲ့ အိန္ဒိယနိုင်ငံကြား တည်ရှိပြီး ဗြိတိသျှကိုလိုနီဖြစ်ခဲ့ဖူးတဲ့ မြန်မာနိုင်ငံအတွက် အလားအလာကောင်းတွေ ရှိခဲ့ပါတယ်။
နှစ်ပေါင်း ၅၀ ကျော်ကြာတဲ့အထိ တိုင်းပြည်ကို အုပ်ချုပ်လာခဲ့တဲ့ စစ်အုပ်ချုပ်ရေးက မြန်မာပြည်သူတွေ သန့်သန့်ရှင်းရှင်းနဲ့ ရွေးကောက်တင်မြှောက်ထားတဲ့ လူထုခေါင်းဆောင်နဲ့ အစိုးရကို နေရာပေးခဲ့ခြင်းနဲ့ အတူပဲ အရှေ့တောင်အာရှရဲ့ အဆင်းရဲဆုံးနိုင်ငံကို ဒီမိုကရေစီစံနမူနာအဖြစ် အသွင်ပြောင်းဖို့ လုပ်ပိုင်ခွင့် ပေးအပ်ခဲ့ပါတယ်။
လာမယ့်နှစ်မှာ အသက် ၈၀ ပြည့်တော့မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ရှိအချိန်မှာ လွတ်မြောက်ဖို့ လမ်းစ မမြင်သေးဘဲ တောတွင်းအကျဥ်းစခန်းတစ်ခုမှာ ပိတ်လှောင်ခံထားရပါတယ်။ ၂၀၁၆ ခုနှစ်မှာတော့ NLD က စစ်တပ်ဆီကနေ အာဏာခွဲဝေရယူခဲ့ပါတယ်။ မြန်မာစစ်တပ်ဟာ စစ်မျက်နှာ အများအပြားမှာ တိုက်ခိုက်နေပြီး အသက်ထောင်ပေါင်းများစွာ သေဆုံးစေခဲ့တဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ပြည်တွင်းစစ်ကို ဖော်ဆောင်နေပါတယ်။ ၁၀ နှစ်သက်တမ်းသာ ရှိသေးတဲ့ နိုင်ငံရဲ့ဒီ မိုကရေစီစမ်းသပ်မှုကလည်း မီးလောင်ပျက်စီးသွားခဲ့ပါတယ်။
လက်ငင်းတရားခံက ဘယ်သူလဲဆိုတာ ထင်ရှားနေပြီး မြန်မာစစ်တပ်ဟာ ရက်စက်ကြမ်းကြုတ်တဲ့ ပုံစံမျိုးဆီ ပြန်ပြီး ဦးတည်သွားခဲ့ပါတယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး ကာလအများစုမှာ ကျင့်သုံးခဲ့တဲ့ နည်းလမ်းဟောင်းကိုပဲ မြန်မာစစ်တပ်က ပြန်လည် အသုံးပြုနေပါတယ်။ အဲဒီနည်းလမ်းက သူတို့ကိုယ်သူတို့ ချမ်းသာကြွယ်ဝအောင် လုပ်ပြီး ပြည်သူလူထုကိုတော့ ဆင်းရဲနွမ်းပါးအောင် လုပ်ထားတဲ့ နည်းလမ်းပါ။
ဒါပေမယ့်လည်း Independent သတင်းဌာနရဲ့ ရုပ်သံမှတ်တမ်းမှာတော့ သံအမတ်ဟောင်း ဆာဂျွန်ဂျန်ကင်စ် (Sir John Jenkins) က မြန်မာ့အရေးနဲ့ ပတ်သက်ရင် အနောက်နိုင်ငံတွေက ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ရလိမ့်မယ်လို့ ပြောဆိုခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အပေါ် အနောက်နိုင်ငံတွေရဲ့ ထောက်ခံမှု ဆုံးရှုံးသွားတာက စစ်တပ်ကို နှစ်ပေါင်းများစွာ ကြာတဲ့အထိ လုပ်ချင်ရာ လုပ်ဖို့ ခွင့်ပြုပေးလိုက်သလို ဖြစ်သွားစေခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း ဖြုတ်ချခံလိုက်ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းဟာ ဗမာ့တပ်မတော်ကို တည်ထောင်သူ တစ်ဦး ဖြစ်ခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဘဝကတော့ အရပ်သားအာဏာကို မြန်မာစစ်တပ်က အလွဲသုံးစား ပြုလုပ်နေခြင်းအပေါ် စိန်ခေါ်မှုမှာ အခြေခံ ရပ်တည်ထားပါတယ်။ သူမရဲ့ ပထမဆုံးမိန့်ခွန်းမှာတင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဘယ်သူကမှ မတွေးဝံ့တဲ့ ကိစ္စတွေကို ဆောင်ရွက်ခဲ့တဲ့အပြင် အဲဒီအချိန်တုန်းက မြန်မာစစ်တပ်ရဲ့ အကြီးအကဲဖြစ်နေသူကိုလည်း တိုက်ရိုက်ဝေဖန်တိုက်ခိုက်ခဲ့ပါတယ်။
စစ်တပ်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးချုပ်နှောင်ပြီး နှစ်ပေါင်းများစွာကြာတဲ့အထိ လက်တုံ့ပြန်ခဲ့ပါတယ်။ သူနဲ့ သူ့မိသားစုကို မြန်မာစစ်ခေါင်းဆောင်တွေက ခွဲထုတ်ခဲ့တဲ့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကိုပါ ပိတ်ပင်တားမြစ်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး ကိုးကား ပြောဆိုမှုမှန်သမျှတွေကလည်း ရာဇဝတ်မှုမြောက်ခဲ့ရပါတယ်။
နှစ်ပေါင်း ၂၀ နီးပါးကြာအောင် ဖမ်းဆီးချုပ်နှောင်ခံခဲ့ရပြီးနောက် ၂၀၁၀ ခုနှစ်မှာတော့ မြန်မာစစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးခဲ့ပါတယ်။ သူ့မှာ အနောက်တိုင်းက အင်အားကြီးမိတ်ဆွေတွေ ရှိနေတဲ့အတွက် နိုင်ငံရေးနယ်ပယ်ထဲ ပြန်ဝင်ခွင့်ပြုခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ပြဿနာပေးတဲ့ အဆင့်ထက် အများကြီး ပိုတယ်ဆိုတာကိုလည်း မြန်မာစစ်တပ်က အစောပိုင်းကတည်းက သဘောပေါက်ထားခဲ့ပါတယ်။ သူဟာ ၁၉၉၁ ခုနှစ် ငြိမ်းချမ်းရေးနိုဘယ်ဆုကနေ ၂၀၁၁ ခုနှစ် အောက်စဖို့ဒ်တက္ကသိုလ်က ဂုဏ်ထူးဆောင်ပါရဂူဘွဲ့အထိ ရရှိခဲ့ပြီး “အနောက်တိုင်း ပိုစတာပေါ်က မိန်းကလေး” (အနောက်တိုင်း နောက်လိုက်) ဖြစ်တယ်လို့ စစ်တပ်က ဝါဒဖြန့်ချိခဲ့ပါတယ်။
မြန်မာ့စီးပွားရေးအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ မြန်မာနိုင်ငံကို ကမ္ဘာ့အမြင်မှာ ဂုဏ်သိက္ခာ ကျဆင်းစေခဲ့တဲ့ အတွက် သူဟာ ပြစ်တင်ဝေဖန်ခံခဲ့ရပါတယ်။ ဒါပေမယ့် အနောက်နိုင်ငံတွေမှာ သူ့ရဲ့ ကျော်ကြားမှုကြောင့် စစ်တပ်က သူ့ကို ဥပေက္ခာမပြုနိုင်ခဲ့ပါဘူး။
နောက်ဆုံးမှာတော့ အကင်းအပါးဆုံး မြန်မာစစ်ဗိုလ်ချုပ် ဦးသိန်းစိန်က သူ့အကျိုးအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂုဏ်သတင်းကို အနောက်နိုင်ငံတွေမှာ အသုံးချလို့ ရနိုင်တယ်ဆိုတာကို သဘောပေါက်သွားခဲ့ပါတယ်။ ဒါကြောင့်လည်း တင်းကြပ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ကနေ စစ်တပ်ရဲ့ ဂျူနီယာမဟာမိတ်အဖြစ်နဲ့ နိုင်ငံရေးလောကထဲ ဒေါ်အောင်ဆန်းစုကြည်ကို ဝင်ရောက်စေခဲ့ခြင်းအားဖြင့် သူဟာ မြန်မာနိုင်ငံကို ကမ္ဘာ့အသိုင်းအဝိုင်းဆီ ပြန်ပြီး ပို့ဆောင်ပေးခဲ့ပါတယ်။
အမေရိကန်သမ္မတ အိုဘားမားရဲ့ ခိုင်မာတဲ့ အားပေးမှုတွေနဲ့အတူ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်ရဲ့ ခေါင်းဆောင်ဖြစ်လာခဲ့ပါတယ်။ ဒါက ၁၉၆၂ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံမှာ ပထမဆုံးနဲ့ အရိုးသားဆုံး ရွေးကောက်တင်မြှောက်ခံခဲ့ရတဲ့ ခေါင်းဆောင်ဆိုလည်း မမှားပါဘူး။
ဒါပေမယ့် သူ့ရဲ့အောင်ပွဲတွေက ပြင်းထန်တဲ့ အားနည်းချက်တွေကို ဖုံးကွယ်ပေးခဲ့ပါတယ်။ အနောက်တိုင်းကလည်း သူ့ကို အဲဒီလိုအခြေအနေရောက်အောင် တွန်းပို့ခဲ့ပါတယ်။ ဒါကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည် ခြေလှမ်းမှားသွားတဲ့အချိန်မှာတော့ သူ့ကို အန္တရာယ်ပေးနိုင်မယ့် သူတစ်ယောက်အဖြစ် မြင်လာခဲ့ကြပါတော့တယ်။
ရခိုင်ပြည်နယ်မှာ ၂၀၁၇ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ရိုဟင်ဂျာလူမျိုးစုတွေအပေါ် မြန်မာစစ်တပ်ရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေကို ကန့်ကွက်ရှုတ်ချဖို့နဲ့ လုပ်သင့်လုပ်ထိုက်တာတွေကို ဆောင်ရွက်ဖို့ သူ့အနေနဲ့ ပျက်ကွက်ခဲ့ပါတယ်။
အဲဒီနောက် ၂၀၁၉ ခုနှစ်မှာ ဂမ်ဘီယာနိုင်ငံက မြန်မာစစ်တပ်ကို လူမျိုးသုဥ်းသတ်ဖြတ်မှုနဲ့ တရားစွဲဆိုတဲ့ အခါမှာလည်း သူဟာ သည်ဟိဂ်မှာရှိတဲ့ နိုင်ငံတကာတရားရုံးကို သွားရောက်ပြီး မြန်မာစစ်တပ်ကို ကာကွယ်ပေးခဲ့ပြန်ပါတယ်။
ဒါတွေကို စစ်တပ်ကိုယ်စား ဘာအတွက်ကြောင့် ဒေါ်အောင်ဆန်းစုကြည်က ဆောင်ရွက်ခဲ့တာပါလဲ. .?
ထင်ရှားသိသာတဲ့ အချက်က စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ သူ့အကြား အပေးအယူလုပ်ဖို့အတွက်ဖြစ်ပြီး အဲဒီလိုဆောင်ရွက်ခဲ့တာကလည်း ကျိုးကြောင်းဆီလျော်မှု မရှိပြန်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်က သူ့ဘက်ပါလာအောင် ဘယ်လိုအရာမျိုးကိုမှ မပြုလုပ်ခဲ့ပါဘူး။
တရားရုံးမှာ သူထွက်ဆိုခဲ့တဲ့အတိုင်း ဖော်ပြရမယ်ဆိုရင်တော့ စွပ်စွဲချက်တွေက မျှတမှု မရှိဘူးလို့ သူ့အနေနဲ့ ခံစားခဲ့ရပြီး ခေါင်းဆောင်တစ်ဦးအဖြစ်နဲ့ နိုင်ငံကို ကာကွယ်ဖို့ တာဝန်ရှိတယ်လို့လည်း သူ့ဘက်က ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။ ပြင်းထန်တဲ့ အမျိုးသားရေးဝါဒကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝတလျှောက်လုံးအတွက် စေ့ဆော်မှု တစ်ရပ်ဖြစ်ခဲ့ပြီး အမျိုးသားရေးဝါဒက အရာအားလုံးအပေါ် လွှမ်းမိုးမှု ရှိနေပြန်ပါတယ်။
ဒါပေမယ့် ဗိုလ်ချုပ်တွေ စိတ်တိုင်းကျဖြစ်အောင် သူ့ဘက်က ဆောင်ရွက်ပေးဖို့ မရည်ရွယ်ခဲ့ဘူးဆိုရင် သူ့ရဲ့ သည်ဟိဂ်ခရီးစဥ်က အနောက်တိုင်းအပေါ် သက်ရောက်မှုတွေကို ထည့်သွင်းစဥ်းစားဖို့ လိုတယ်လို့ သူ့အနေနဲ့ ခံစားမိပုံ မပေါ်ပါဘူး။
ဖြစ်နိုင်ခြေရှိမယ့် အကျိုးဆက်တွေကို စဥ်းစားခြင်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အလေ့အကျင့် မဟုတ်ပါဘူး။ အဲဒါကပဲ သူ့ရဲ့ အောင်မြင်မှုကို ပိုပြီးတော့တောင် ထူးထူးခြားခြား ဖြစ်စေခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံရေးမဆန်ဆုံးသော ပုံစံတစ်မျိုးနဲ့ ရှင်သန်ခဲ့တဲ့ နိုင်ငံရေးသမားတစ်ယောက်ပါပဲ။
နောက်ဆုံးမှာတော့ ၂၀၁၇ ခုနှစ်ကတည်းက ကျဆင်းလာခဲ့တဲ့ သူ့ရဲ့ အနောက်တိုင်းနိုင်ငံတွေအပေါ် ဂုဏ်သတင်းက အနက်ရှိုင်းဆုံးအထိ ထိုးစိုက်ကျဆင်းလာခဲ့ပါတယ်။ သူ့မှာ ဩဇာကြီးမားတဲ့ မိတ်ဆွေတွေ မရှိတော့ဘူးဆိုတာကိုလည်း မြန်မာစစ်ဗိုလ်ချုပ်တွေက စောင့်ကြည့်မှတ်သားခဲ့ပါတယ်။ တစ်နှစ်တောင် မပြည့်ခင်မှာပဲ ဒေါ်အောင်ဆန်းစုကြည်ကို ဘေးဖယ်ထားလိုက်ပြီး ထောင်သွင်းအကျဥ်းချလိုက်ပါတယ်။ သူ့အတွက် လွတ်လမ်း မရှိအောင်လည်း စစ်တပ်က ဆောင်ရွက်ခဲ့ပါတယ်။
အခုပြောခဲ့တဲ့ ဇာတ်လမ်းဟာ အနောက်တိုင်းနိုင်ငံတွေက အလျင်စလို ဆုံးဖြတ်ခဲ့တဲ့အတွက် ကြောက်စရာ ကောင်းတဲ့ အကျိုးဆက်တွေ ဖြစ်လာစေခဲ့တဲ့ ကြေကွဲစရာ ဇာတ်လမ်းတစ်ပုဒ်ပါ။ ဒါပေမယ့် ဒီအကျိုးဆက်တွေက ကျွန်တော်တို့အတွက် မဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့ ဝေးဝေးက တိုင်းပြည်ကို မေ့လျော့ခြင်းဆိုတဲ့ တွင်းနက်ကြီးထဲ ပစ်ချခဲ့ပါတယ်။ ဒါပေမယ့် ဒါတွေအားလုံးဟာ တစ်ချိန်က အနာဂတ်ရှိခဲ့တဲ့ တိုင်းပြည်တစ်ခုအတွက် အကျိုးဆက်တွေပါပဲ။
Aung San Suu Kyi: Who is to blame for Myanmar’s collapse into military tyranny? ကိုဆီလျော်အောင် ရေးသားသည်။