ဘုန်းမောင်
မြန်မာနိုင်ငံသည် အမျိုးမျိုးသော ဘေးအန္တရာယ်များကို မကြာခဏ တွေ့ကြုံခံစားရလေ့ရှိသဖြင့် သဘာဝပတ်ဝန်းကျင် သို့မဟုတ် နိုင်ငံရေးပြဿနာများသည် အထူးအဆန်းတော့လည်း မဟုတ်တော့ပေ။ အကြပ်အတည်း တစ်ခု မပြီးဆုံးသေးခင်မှာပဲ နောက်ထပ်အကြပ်အတည်းတစ်ခုဆီ ရောက်သွားတတ်လေ့ရှိသည်ကလည်း မြန်မာနိုင်ငံပင် ဖြစ်ပေသည်။ ဆယ်စုနှစ် တစ်ခုနီးပါး ရှိခဲ့သော တိုတောင်းလွန်းသည့် လွတ်လပ်မှုနှင့် စီးပွားရေးတိုးတက်မှုများအား ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် နောက်ထပ်တစ်ကြိမ် အာဏာသိမ်းယူခြင်းအားဖြင့် မြန်မာစစ်တပ်က ဖျက်ဆီးပစ်ခဲ့ပြီး ပြီးခဲ့သော လေးနှစ်တာကာလအတွင်း မြန်မာပြည်သူများ တွေ့ကြုံခဲ့ရသည်များက အဆိုးရွားဆုံးသော အခြေအနေများသာ ဖြစ်ပေတော့သည်။
ယခုတစ်ကြိမ်ကတော့ ရစ်ချက်တာစကေး ၇ ဒဿမ ၇ အဆင့်ရှိသော အင်အားပြင်းမြေငလျင် လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။
မိမိတို့အနေဖြင့် သေဆုံးသူအရေအတွက် အပြည့်အစုံကို မသိရှိနိုင်သေးသလို စစ်ကောင်စီ၏ လက်ရှိပစ္စုပ္ပန်တုံ့ပြန်မှုများတွင် မြင်တွေ့နေရသော စီမံခန့်ခွဲမှုအလွဲများနှင့် ပရမ်းပတာအခြေအနေများကြောင့်လည်း မိမိတို့အနေဖြင့် သေဆုံးမှုများနှင့် ပတ်သက်၍ သိနိုင်တော့မည် မဟုတ်ပါ။ သို့သော် ဘေးအန္တရာယ် ကြုံတွေ့နေရသော ဧရိယာများကို ကောင်းကင်ဂြိုဟ်တုမှ ရိုက်ကူးထားသော ရုပ်ပိုင်းဆိုင်ရာ ပျက်စီးမှုအတိုင်းအတာအရဆိုရလျှင်မူ သေဆုံးသူအရေအတွက်က အလွန်အမင်း မြင့်မားဖွယ်ရာ ရှိနေပါသည်။ အမေရိကန် ဘူမိတိုင်းတာရေးဌာန – (US Geological Survey – USGS) ၏ တွက်ချက်မှုများအရဆိုလျှင်မူ သောင်းချီ သေဆုံးနိုင်သည်ဟုသိရပါသည်။ USGS ၏ အဆိုပါတွက်ချက်မှုများသည် စာရေးသူ ဆက်သွယ်မေးမြန်းခဲ့သော မြန်မာနိုင်ငံ၏ လက်တွေ့မြေပြင်မှ အသက်မသေဘဲ လွတ်မြောက်လာသူများ၏ အကဲဖြတ်ချက်များနှင့် ကိုက်ညီမှုရှိနေပါသည်။
စီမံခန့်ခွဲမှုအလွဲများနှင့် ပရမ်းပတာအခြေအနေများသည် ပြီးခဲ့သည့်ရက်အနည်းငယ်အတွင်း မြန်မာစစ်တပ် ကျူးလွန်ခဲ့သော ပြစ်မှုများတွင် အသေးအဖွဲမျှသာဖြစ်သည်။ ထူးခြားသည်ဟု ဆိုရမည်က မြန်မာစစ်တပ်သည် နိုင်ငံတကာအကူအညီများကို စောလျင်စွာကပင် တောင်းဆိုခဲ့သည်။ မြန်မာစစ်တပ်အနေဖြင့် အဆိုပါကြေကွဲစရာဖြစ်ရပ်ကနေ တစ်စုံတစ်ရာသော တရားဝင်မှု ရယူရန်၊ နိုင်ငံတကာက ပေးအပ်လာသော အကူအညီများအား စစ်တပ်ထိန်းချုပ်ဒေသရှိ စစ်တပ် ထောက်ခံသူများနှင့် ခွဲဝေရန်အတွက် နိုင်ငံတကာအကူအညီများအား အခွင့်အရေးအဖြစ် အကွက်မြင်ပုံပေါ်သည်။
လက်ရှိအချိန်မှာတော့ နိုင်ငံဧရိယာ၏ ထက်ဝက်ကျော်သည် မြန်မာ့ဒီမိုကရက်တစ်တော်လှန်ရေးအင်အားစုများ၏ “လွတ်မြောက်ဒေသ” တွင် ရှိနေသော်လည်း မန္တလေးမြို့ကတော့ မြန်မာစစ်တပ်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေပါသေးသည်။ ရန်ကုန်မြို့ပြီးလျှင် မြန်မာနိုင်ငံ၏ ဒုတိယမြောက်မြို့တော်ဖြစ်သော မန္တလေးမြို့သည် ငလျင်ဗဟိုချက်အနီး တည်ရှိသော မြို့ဖြစ်ပြီး အသေအပျောက်နှင့် ပျက်စီးဆုံးရှုံးမှု အများအပြား ဖြစ်ပွားခဲ့ပါသည်။
မန္တလေးရှိ ကယ်ဆယ်ရေးသမားများ (အများစုမှာ လက်ဗလာဖြင့်) က အပျက်အစီးများကြားထဲ ပိတ်မိနေသူများအား လွတ်မြောက်ရန် ကြိုးပမ်းဆောင်ရွက်နေချိန်၌ပင် ၎င်းတို့အနက်မှ အသက်ငယ်ရွယ်သူများကတော့ စစ်ကောင်စီ၏ အတင်းအကြပ် စစ်သားစုဆောင်းရန် ပစ်မှတ်များ ဖြစ်ခဲ့ရပါသည်။ စစ်ကောင်စီ၏ မဖြစ်မနေ စစ်သားစုဆောင်းရေးမူဝါဒမှာ လက်ရှိအချိန်ထိတော့ မှတ်တမ်းတင်ထားရမည့် ရှုံးနိမ့်မှုသာ ဖြစ်နေပါသေးသည်။ မြန်မာ့သမိုင်းတွင် ကြေကွဲစရာ အကောင်းဆုံးသော ယခုလို အခိုက်အတန့်နှင့် လူတို့၏ ရက်ရောသော စိတ်စေတနာများအား အမြတ်ထုတ်နေခြင်းက စစ်ဝတ်စုံ ဝတ်ဆင်ထားသူအားလုံး၏ အကျင့်ဖြစ်နေပုံပေါ်သည်။
ငလျင်လှုပ်ချိန်ကစ၍ စစ်ကောင်စီသည် မြန်မာ့ဒီမိုကရက်တစ်အတိုက်အခံများအား နေရာအနှံ့အပြားတွင် လေကြောင်းမှ ပြင်းထန်သော တိုက်ခိုက်မှုများ အရှိန်မြှင့်ဆောင်ရွက်လျက်ရှိနေပြီး စစ်ကိုင်း ကဲ့သို့သော ပဋိပက္ခ ဖြစ်ပွားရာဒေသများ၌ အကူအညီများ မရရှိဘဲ အထီးကျန်ဖြစ်အောင် ဆောင်ရွက်လျက်ရှိနေကြောင်း သတင်းများ ထွက်ပေါ်နေပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုယ်စားပြု တော်လှန်ရေးအင်အားစုများကတော့ ၎င်းတို့ ပါဝင်ဆောင်ရွက်နေသည့် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေချိန်တွင် ထိုးစစ်ကို ရပ်စဲထားရန် ကတိပြုထားသည်။
တစ်ချိန်တည်းမှာပဲ နိုင်ငံတကာသတင်းမီဒီယာများ မြန်မာနိုင်ငံတွင်း ဝင်ရောက်သတင်းယူခွင့်ကိုလည်း စစ်ကောင်စီက ငြင်းပယ်ခဲ့ပါသည်။ ယခုလိုလုပ်ရပ်မျိုးက မြန်မာစစ်တပ်၏ အစဥ်အလာလုပ်နည်းလုပ်ဟန်ပင်ဖြစ်သည်။ မြန်မာစစ်တပ်သည် ၎င်းတို့ လုပ်ရပ်များကို စူးစမ်းထောက်လှမ်းခြင်းနှင့် သတင်းအချက်အလက်များ သိခွင့်မပေးခြင်းက အစစ်အမှန် ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအပေါ် အထောက်အကူပြုနိုင်သည် မှန်သော်လည်း စင်စစ်တော့ မြန်မာစစ်တပ်က ဘယ်သောအခါကမျှ ခွင့်မပြုခဲ့သော ကိစ္စပင်ဖြစ်သည်။ ၂၀၀၈ ခုနှစ် နာဂစ်ဆိုင်ကလုန်းမုန်တိုင်းအတွင်း မြန်မာနိုင်ငံတွင် လူပေါင်း ၁၀၀,၀၀၀ ကျော် သေဆုံးခဲ့ရပြီး အတိတ်က ဖြစ်စဥ်များကို မေ့လည်း မမေ့၊ လေ့လည်း မလေ့လာသည်ကလည်း မြန်မာစစ်တပ်၏ အကျင့်စရိုက်ပင်ဖြစ်သည်။
မြန်မာနိုင်ငံ၏ အခြေအနေက အလွန်အမင်း ဆိုးရွားလျက်ရှိနေပြီး ပြည်သူများကို ကူညီရန် စိတ်အားထက်သန်မှုနှင့် စွမ်းဆောင်ရည်များ စစ်ကောင်စီထံတွင် လုံးဝ မရှိသောကြောင့် နိုင်ငံတကာအသိုက်အဝန်း၏ ကျယ်ပြန့်ရက်ရောသော အရေးယူဆောင်ရွက်မှုများအား မဆိုင်းမတွ ဆောင်ရွက်ရန် လိုအပ်ပေသည်။
ငလျင်ကယ်ဆယ်ရေးအတွက် လိုအပ်ချက်များကို ဩစတြေးလျအစိုးရက တာဝန်ယူဆောင်ရွက်ပေးနေပြီး နိုင်ငံတကာ ကြက်ခြေနီကော်မတီ (ICRC) နှင့် ကုလသမဂ္ဂဗဟိုအရေးပေါ်တုံ့ပြန်ရေးရန်ပုံငွေ (CERF) က မြန်မာနိုင်ငံကို အကူအညီပေးရန် ပြီးခဲ့သော သီတင်းပတ်ကုန်တွင် ကြေညာခဲ့ပါသည်။ ယင်းအပြင် “ဩစတြေးလျအနေဖြင့် မည်သို့သော တိုက်ရိုက်ရန်ပုံငွေမျိုးကမျှ စစ်ကောင်စီကတဆင့် ပေးမည်မဟုတ်” ဟုဆိုသည်။
ထို့သို့လုပ်ဆောင်ခြင်းက ကောင်းမွန်သော်လည်း လုံလောက်သည်တော့ မဟုတ်ပါ။ မြန်မာနိုင်ငံတွင် လုပ်ကိုင်ရန် တရားဝင် မှတ်ပုံတင်ထားသည့် နိုင်ငံတကာအကူအညီပေးရေးအဖွဲ့များအနေဖြင့် ခက်ခဲကြမ်းတမ်းသော နေရာဒေသတွင် မည်မျှစိတ်ပိုင်းဖြတ်မှုရှိရှိဖြင့် ကျွမ်းကျွမ်းကျင်ကျင် ဆောင်ရွက်နိုင်သည်ဖြစ်ပါစေ၊ ၎င်းတို့သည် ကူညီကယ်ဆယ်ရေးလုပ်ငန်းများအား စစ်ကောင်စီ ထိန်းချုပ်မှုအောက်ကတဆင့်သာ များသောအားဖြင့် လုပ်ကိုင်ကြရပါသည်။ ထို့ကြောင့် ကြေညာထားပြီးသား အကူအညီများအပြင် နောက်ထပ် အကူအညီများအား မြေပြင်တွင် လက်တွေ့လုပ်ကိုင်နေကြသော အဖွဲ့အစည်းများထံ ပေးအပ်ရန် လိုအပ်ပါသည်။ အဆိုပါအဖွဲ့အစည်းများသည် ယေဘုယျအားဖြင့်ကတော့ NUG နှင့် မဟာမိတ်များဖြစ်သောကြောင့် နိုင်ငံတကာအကူအညီပေးရေးလမ်းကြောင်းထဲတွင် NUG ကို ထည့်သွင်းသင့်ပါသည်။
မြန်မာနိုင်ငံတွင် ယခုလတ်တလော ကြုံနေရသော ဘေးဆိုးကြီးကနေ ကောင်းလာနိုင်စရာရှိပါရဲ့လား. . . .?
ထိုမေးခွန်းအတွက် အဖြေက ထင်သာမြင်သာ မရှိသေးသော်လည်း မြန်မာနိုင်ငံတွင် ကြုံခဲ့သော ကပ်ဆိုးကြီးများသည် ဆိုးသွမ်းပြီး မင်းကျင့်တရားနှင့်အညီ မအုပ်ချုပ်သူများကို ဆန့်ကျင်သည့် ကံကြမ္မာဆိုး ကျရောက်ခြင်းဖြစ်သည်ဟု သမိုင်းအရ မြင်လေ့မြင်ထရှိတတ်ကြပါသည်။ ဤသို့သာဆိုပါလျှင် ကံကြမ္မာဂြိုဟ်ဆိုးကျရောက်ခြင်းက သေချာသော စီရင်ချက် တစ်ခုဖြစ်ပြီး လက်ရှိအချိန်ကတော့ ထိုဂြိုဟ်ဆိုးကြီးက လွတ်မြောက်ရန် ပြန်လည်ကုစားရမည့်အချိန်ပင် ဖြစ်ပါတော့သည်။
Ref: Might Myanmar’s earthquake be a catalyst for political change?