
စစ်ကောင်စီတပ်သည် ရခိုင်ပြည်နယ်ကျောက်တော်မြို့၊ ရွှေကျောင်းဘုန်းတော်ကြီးကျောင်းအနီးရှိ ရပ်ကွက်နှစ်ခုကို ဗုံးနှစ်လုံးဖြင့် ဧပြီလ ၁၃ ရက် နံနက် ၉နာရီ ၃၀ မိနစ်အချိန်ခန့်တွင် တိုက်ခိုက်ခဲ့သည်။
အဆိုပါလေကြောင်းဗုံးကြဲမှုကြောင့် အသက် ၁၀ နှစ်အရွက် ကလေးငယ်တစ်ဦးနှင့် အခြား အမျိုးသမီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ် ၅လုံးထက်မနည်း ပျက်စီးခဲ့ရသည်။
ထိုသို့ဗုံးကြဲတိုက်ခိုက်နေချိန်တွင် ရွှေကျောင်းဘုန်းတော်ကြီးကျောင်းတွင် သင်္ကြန်ကာလ ရှင်ပြုအလှုမင်္ဂလာကျင်းပနေချိန်ဖြစ်သည်။

စစ်ကောင်စီသည် စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အတွင်းရှိ ကုက္ကိုလ်ကုန်းကျေးရွာနှင့် ညောင်ကုန်းကျေးရွာများကို ဧပြီလ ၁၃ ရက်တွင် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။
အဆိုပါတိုက်ခိုက်မှုကြောင့် လူနေအိမ်များပျက်စီးခဲ့ပြီး ဒေသခံ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

မဟာသင်္ကြန်အကြိုနေ့ဖြစ်သော ဧပြီလ၁၃ ရက်တွင် ချင်းပြည်နယ်၊ တောင်ပိုင်း၊ မင်းတပ်မြို့ရှိ မြို့မနှစ်ချင်းခရစ်ယာန်ဘုရားကျောင်းကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ညနေ ၄ နာရီ ၃ မိနစ်အချိန်ခန့်တွင် လေယာဉ်ဖြင့် လာရောက်ကာ ဗုံးနှစ်လုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ဘုရားကျောင်းနှင့် အနီးတဝိုက်ရှိ အဆောက်အဦများပျက်စီးခဲ့သည်။
အဆိုပါနေ့သည် ခရစ်ယာန်ဘာသာဝင်များ ဆုတောင်းဝတ်ပြုသည် တနင်္ဂနွေနေ့ဖြစ်သည်။

စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်း၊ ဝန်းသိုမြိုနယ်၊ ညောင်ပင်သာအုပ်စု၊ မြောင်တောင်ရွာရှိ ဘုန်းတော်ကြီးကျောင်းအား ဧပြီလ ၁၃ ရက် ညဦးပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းဆောင်ပျက်စီးခဲ့ရပြီး ဘုန်းတော်ကြီးတစ်ပါး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
အဆိုပါ ညဦးပိုင်း ၇ နာရီခန့်တွင်ပင် ဝန်းသိုမြို့နယ် ဂျိုးတောင်ဈေးအတွင်းသို့ ဗုံးတစ်လုံးကြဲချခဲ့သဖြင့် ဒေသခံပြည်သူတစ်ဦး ဒဏ်ရာရရှိပြီး၊ မြောက်ရွာအတွင်းသို့ ဗုံးတစ်လုံး၊ တောင်မကြီးတောင်ခြေသို့ ဗုံးတစ်လုံးကြဲချခဲ့ကြောင့် ကောလင်းဒေသသတင်းများထုတ်ပြန်နေသော Kawlin-info တွင်ဖော်ပြထားသည်။
ဓါတ်ပုံ – Thaw Chaw၊ KawLin-info၊ Western News












