ပြည်သူ ၄၀ ကျော်မီးရှို့သတ်ဖြတ်ခံရသည့် ကရင်နီမိုဆိုဖြစ်စဥ် တစ်နှစ်ပြည့် အောက်မေ့ဖွယ်ပြုလုပ်
******************************
ဒီဇင်ဘာ ၂၄ ၊ ၂၀၂၂ ။
ကရင်နီပြည်(ကယားပြည်နယ်)၊ ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီး၌ အရပ်သားပြည်သူ ၄၀ ဦးကျော်ကို စစ်ကောင်စီတပ်များက အစုံလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခဲ့မှု တစ်နှစ်ပြည့် အောက်မေ့ဖွယ်ကို ပြုလုပ်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်တွင် စစ်ရှောင်ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူတချို့ကို စစ်ကောင်စီတပ်များ မီးရှို့သတ်ဖြတ်ခဲ့သည့် မိုဆိုဖြစ်စဥ်သည် ယနေ့တွင် တစ်နှစ်ပြည့်ခဲ့ပြီး ထိုဖြစ်စဥ်၌ အသက်ဆုံးရှုံးခဲ့သူများအတွက် ဒေသခံများက အောက်မေ့ဖွယ် ဆုတောင်းခြင်း ပြုလုပ်ခဲ့သည်။
ခရစ္စမတ် အကြိုနေ့တွင် ဖြစ်ပွားခဲ့သော အရပ်သားပြည်သူများ အစုလိုက် အပြုံလိုက် မီးရှို့သတ်ဖြတ်ခံရသည့် မိုဆိုဖြစ်စဥ်အား ကရင်နီတစ်မျိုးသားလုံး ဝမ်းနည်းဖွယ်ရာ သမိုင်းဖြစ်စဥ်အဖြစ် မှတ်တမ်းတင်ပါသည်ဟု ယနေ့တွင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDFက ထုတ်ပြန်ထားသည်။
ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာသို့ စစ်ကြောင်းထိုးလာသော တပ်မ (၆၆) လက်အောက်ခံ ခမရ (၁၀၈) ဓနုဖြူတပ်ရင်းသည် စစ်ရှောင်ပြည်သူများနှင့် ဆီတင်ဆောင်ထားသည့် ကားများအားဖမ်းဆီးပြီး ကလေးငယ်များ၊ အမျိုးသမီးများအပါအဝင် အရပ်သားပြည်သူများအား သွေးအေးအေးဖြင့် မီးရှို့သတ်ဖြတ်ခဲ့သလို အခင်းဖြစ်ပွားစဥ် လာရောက် ဖြန်ဖြေတားဆီး ရန်ရောက်လာသော နယ်ခြားစောင့်တပ် တပ်ဖွဲ့ဝင် (၄)ဦး ကိုလည်း လက်ပြန်ကြိုးတုတ် သတ်ဖြတ်ခဲ့သည်ဟု KNDF ကဖော်ပြထားသည်။
မိုဆိုဖြစ်စဥ်တွင် စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့သည့် အဓိကတရားခံ တပ်မ (၆၆) လက်အောက်ခံ ခမရ (၁၀၈) ဓနုဖြူတပ်ရင်းအပါအဝင် စစ်ကောင်စီ တရပ်လုံးအား ဆန့်ကျင်တွန်းလှန်သွားမည်ဖြစ်သည်ဟု KNDFက ထုတ်ပြန်ထားသည်။