အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေခြင်း မရှိဟုဆိုကာ ကုလလုံခြုံရေးကောင်စီ၏ မြန်မာ့အရေးဆုံးဖြတ်ချက်ကို လက်မခံကြောင်း စစ်ကောင်စီ ထုတ်ပြန်
***************************
ကောင်းချစ်အောင်
ဒီဇင်ဘာ ၂၄၊ ၂၀၂၂။
ယခုလဒီဇင်ဘာ ၂၁ ရက်တွင် ကျင်းပခဲ့သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေး၏ မြန်မာ့အရေးဆုံးဖြတ်ချက်ကို လက်မခံနိုင်ကြောင်း စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးက ဒီဇင်ဘာ ၂၃ ရက်စွဲပါ ကြေညာချက်ကို ယနေ့တွင် ထုတ်ပြန်ကြေငြာလိုက်သည်။
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့၌ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးကို ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ကျင်းပခဲ့သည်။
အဆိုပါအစည်းအဝေးတွင် မြန်မာ့အရေးနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်မူကြမ်း ၂၆၉၉ ကို ဗြိတိန်နိုင်ငံက ဦးဆောင်တင်သွင်းခဲ့ပြီး မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံမဲ ၁၂မဲ၊ ကြားနေမဲ ၃မဲဖြင့် အတည်ပြုချမှတ်နိုင်ခဲ့ကြောင်း သိရသည်။
မြန်မာစစ်တပ်ကို စစ်လက်နက်များရောင်းချမှု အလုံးစုံရပ်တန့်ရန်နှင့် စစ်တပ်နှင့် ဆက်နွှယ်နေသည့် စီးပွားရေးလုပ်ငန်းများကို ပိတ်ဆို့အရေးယူသွားမည့် အချက်များပါဝင်နေသည့် အဆိုပါမူကြမ်းကို တရုတ်၊အိန္ဒိယနှင့် ရုရှားနိုင်ငံတို့က ကြားနေအဖြစ် ရပ်တည်ခဲ့ကြခြင်းဖြစ်သည်။
စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် မြန်မာ့နိုင်ငံအခြေအနေသည် နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးအပေါ် ထိခိုက်နေခြင်းမရှိကြောင်း၊ လုံခြုံရေးကောင်စီ၏ ယခုလိုဆုံးဖြတ်ချက်ကို အတည်ပြုခြင်းသည် ကုလသမဂ္ဂ ပဋိညာဉ် စာတမ်းပါ အချက်များကို ချိုးဖောက်ရာရောက်ကြောင်း ပါရှိသည်။
ဗြိတိန်နိုင်ငံက ဦးဆောင်တင်သွင်းသည့် မူကြမ်းတွင် မြန်မာစစ်တပ်၏ အကြမ်းဖက်လုပ်ရပ်များကိုလုံးဝရပ်တန့်ရန်တောင်းဆိုထားပြီး မြန့်မာအရေးအကျပ်အတည်းကို ဖြေရှင်းရန် ကြိုးပမ်းနေသည့် အာဆီယံအဖွဲ့အစည်းကိုလည်း ပိုမိုအားပေးထောက်ခံသွားမည်ဖြစ်ကြောင်း ပါရှိသည်။
စစ်ကောင်စီအနေဖြင့် အကြမ်းဖက်လုပ်ရပ်များမလုပ်နေကြောင်း ငြင်းဆန်ထားပြီး လုံခြုံရေးဆိုင်ရာဥပဒေအရသာ ထိန်းသိမ်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ အာဆီယံဘုံသဘောတူညီချက်ငါးရပ်အား အကောင်အထည်ဖော်ရာတွင်လည်း ကုလသမဂ္ဂအနေဖြင့် ဝင်ရောက်စွက်ဖက်ရန် မလိုကြောင်း ယနေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် ဩဂုတ်လအတွင်းလာရောက်ခဲ့သည့် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် နိုလင်းဟေဇာနှင့်တွေ့ဆုံရာတွင်လည်း ကုလသမဂ္ဂအနေဖြင့် မြန်မာ့အရေးကို ဝင်ရောက်မစွက်ဖက်ရန် ဆွေးနွေးခဲ့သေးကြောင်း ပါရှိသည်။
စစ်ကောင်စီအနေဖြင့် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေခြင်းမရှိကြောင်း ငြင်းဆန်ထားသော်လည်း စစ်အာဏာသိမ်းပြီးချိန်မှစ၍ ၂၀၂၂ ဒီဇင်ဘာ ၂၃ ရက်နေ့အထိ သေဆုံးခဲ့သည့် ပြည်သူဦးရေမှာ ၂၆၄၁ ဦးရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းအရသိရသည်။
ထို့ပြင် ယမန်နှစ်က ဒီဇင်ဘာ ၂၄ ရက်တွင် ဖရူဆိုမြို့နယ် မိုဆိုကျေးရွာအနီး၌ အရပ်သားပြည်သူ ၄၀ ကျော်ကို စစ်ကောင်စီတပ်သားများက အစုလိုက်အပြုံလိုက် မီးရှို့ခဲ့သည့်ဖြစ်စဥ်သည် ယနေ့တွင်တစ်နှစ်တိတိပြည့်ပြီဖြစ်သည်။
မိုဆိုဖြစ်စဥ်ကဲ့သို့ ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းစာသင်ကျောင်း တိုက်ခိုက်ခံရမှုနှင့် ဖားကန့်မြို့နယ် အနန့်ပါ ကျေးရွာလေကြောင်း တိုက်ခိုက်ခံရမှုများသည် စစ်ကောင်စီ၏ အရပ်သားပြည်သူများအပေါ် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ကျူးလွန်ခဲ့သည့် ကမ္ဘာသိထင်ရှားခဲ့သော ဖြစ်ရပ်များဖြစ်ခဲ့သည်။