မြန်မာ့အရေးအတွက် ထောက်ပံ့သွားမယ့် NDAA ဥပဒေကို သမ္မတဂျိုးဘိုင်ဒင် လက်မှတ်ရေးထိုး၊ The Burma Act ဥပဒေ စတင်အသက်ဝင်လာ
**********************
ကောင်းချစ်အောင်
ဒီဇင်ဘာ ၂၄၊ ၂၀၂၂။
မြန်မာနိုင်ငံကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့မှုများနှင့် နည်းပညာအကူအညီများပေးသွားရန် မူဝါဒများပါဝင်သည့် အမေရိကန်အမျိုးသားကာကွယ်ရေး လုပ်ပိုင်ခွင့်ဥပဒေ (NDAA)ကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ယမန့်နေ့ ဒီဇင်ဘာ ၂၃ တွင် လက်မှတ်ထိုး အတည်ပြုလိုက်ကြောင်း သိရသည်။
NDAA တွင် မြန်မာ့အရေးနှင့် ပတ်သတ်သည့် The Burma Act ကိုထည့်သွင်းရေးသားထားပြီး လက်ရှိအချိန်တွင် စတင်အသက်ဝင်လာပြီ ဖြစ်သည်။
အဆိုပါဥပဒေအရ အမေရိကန်အစိုးရက မြန်မာ့ဒီမိုကရေစီအရေးအတွက် လက်နက်ကိုင်တိုက်ပွဲဝင်နေသည့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များနှင့် တိုင်းရင်းသားအဖွဲ့အစည်း(EAO)များအား နည်းပညာနှင့် လက်နက်မဟုတ်သည့် အထောက်အပံ့များပေးသွားမည်ဟု ထည့်သွင်းရေးသားထားသည်။
ဒါ့အပြင် အာဏာသိမ်းထားသည့် မြန်မာစစ်တပ် ခေါင်းဆောင်များကို ဒဏ်ခတ်အရေးယူမှုများ လုပ်ဆောင်သွားရန်နှင့် မြန်မာစစ်တပ်ကို ထောက်ခံနေသည့် တရုတ်နှင့် ရုရှားတို့ကို သတိပေးသည့်အချက်ပါဝင်နေသည်။
NDAA ဥပဒေကို အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ထောက်ခံကြိုဆိုကြောင်း၊ The Burma Act ဥပဒေသည် အခက်အခဲများကြားတွင် ရုန်းကန်နေရသည့် မြန်မာပြည်သူများ လိုလားသည့် မျှော်လင့်ချက်အကူအညီများပေးနိုင်မည်ဖြစ်ကြောင်း NUG ယာယီသမ္မတာ ဒူဝါလရှီးလက ဒီဇင်ဘာ ၁၆ရက်နေ့က ထုတ်ပြန်ကြေညာထားသည်။