အာဏာသိမ်းကာလ လေးနှစ်ကျော် အတွင်းမှာ အမျိုးသမီးတွေရဲ့ အခြေခံရပိုင်ခွင့်တွေ အပြင် အမျိုးသမီးတွေ အရပ်သား အစိုးရလက်ထက်ကနေ အခု တော်လှန်ရေးအစိုးရ အထိ တစိုက်မတ်မတ် တောင်းဆိုနေကြတဲ့ ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့နေရာတွေနဲ့ ခေါင်းဆောင်ပိုင်း တွေမှာ အမျိုးသမီးတွေ ပါဝင်နိုင်ပြီးလားဆိုတာကို နိုင်ငံရေးသုတေသီ ဒေါက်တာ စိုင်းကြည်ဇင်စိုး နဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။
မေး။ ။ အာဏာသိမ်းပြီး နောက်ပိုင်း အမျိုးသမီးတွေ နိုင်ငံရေးမှာ ပါဝင်နိုင်မှုနှုန်းက ဘယ်လို့ အခြေအနေရှိ ပါသလဲ။ ဆုံးဖြတ်ပိုင်ခွင့် ရှိတဲ့နေရာတွေမှာ ရောက်လာပြီလား။
ဖြေ။ ။တိုင်းပြည်စီမံခန့်ခွဲရေးနဲ့ အုပ်ချုပ်စီမံမှု အပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးနောက် အဲစနစ်တွေ တည်ဆောက်ရေး ကို သွားဖို့ လုပ်ကြတဲ့ အခါမှာ အုပ်ချုပ်ရေးပိုင်းကိုပဲ ကြည့်လိုက်ပေါ့။ များသောအားဖြင့် အုပ်ချုပ်ရေးအပိုင်းတွေ မှာ တာဝန်ပြန်ယူကြတဲ့ အချိန်မှာ တော်တော်များများက လက်နက်ကိုင် အစုအဖွဲ့နဲ့ ပတ်သက်နေတဲ့သူတွေက ခေါင်းဆောင်တွေ ပြန်ဖြစ်ကြတာများတယ်။ နောက်လက်ရှိ အနေအထားအရ အုပ်ချုပ်မှု စီမံမှုပိုင်းမှာ လုံခြုံရေး ဆိုတဲ့ ကိစ္စက ဦးစားပေးဆိုသလိုမျိုး ဖြစ်နေတဲ့အတွက်ကြောင့် အဲနေရာမှာ အမျိုးသမီးဆိုတာထက် လက်နက် ကိုင် အတွေ့အကြုံ ရှိထားတဲ့ ဦးစီးဦးဆောင်လုပ်လို့ရတဲ့ သူတွေကပဲ ဆုံးဖြတ်ချက်ချလို့ရတဲ့ နေရာတွေမှာ ပါ နေတယ်။ လက်နက်ကိုင်အဖွဲ့အစည်းတွေမှာဆိုရင် များသောအားဖြင့် အစုအဖွဲ့တွေမှာ အမျိုးသမီးတွေရဲ့ အခန်း ကဏ္ဍက များသောအားဖြင့် အမျိုးသားတွေနဲ့ တန်းတူပါဝင်မှု ပုံစံမျိုး မတွေ့ရဘူး။ ထောက်ပံ့တယ်။ ပံ့ပိုးတယ် ဆိုတဲ့ နေရာမျိုးမှာပဲ အမျိုးသမီးတွေကို မြင်ကြတယ်။ အမျိုးသမီးတွေကို နေရာပေးထားသေးတယ်ဆိုတာမျိုး တွေ့ရတယ်။ အဲတာတွေရဲ့ အကျိုးဆက်က အုပ်ချုပ်ရေးပိုင်း ပြန်စုဖွဲ့တဲ့အခါမှာ အမျိုးသမီးပါဝင်မှုနှုန်းက ကန့်သတ်ထားသလိုမျိုး ဖြစ်နေတယ်။
မေး။ ။ အမျိုးသမီးနဲ့ မိန်းခလေးငယ်တွေက တန်းတူအခွင့်အရေးရရှိဖို့ ဘာတွေဆက်လက်လုပ်ဆောင်သင့် တယ်လို့ ထင်ပါသလဲ။
ဖြေ။ ။ ကျွန်တော်တို့ရဲ့ စဉ်းစားချက်တွေမှာ Gender နဲ့ပတ်သက်တဲ့ စဉ်းစားချက်တွေကို ပိုပြီးတော့ စဉ်းစားလာနိုင် အောင် ဆွေးနွေးလာနိုင်အောင် စီစဉ်သင့်တယ်။ များသောအားဖြင့် အမျိုးသမီးလို့ ပြောရင် အမျိုးသမီးများနေ့ နီး တယ်ဆိုရင် အဲဒီအကြောင်းပေါ်လာတယ်။ ကျန်တဲ့အချိန်တွေမှာ ဆိုရင် မပြောကြဘူး။ အမျိုးသမီးပွဲရှိမှပဲ အမျိုး သမီးနဲ့ဆိုင်တဲ့ ကိစ္စက ပေါ်လာသလို ဖြစ်နေတယ်။ တကယ်ဆိုရင် ကျွန်တော်တို့က ဒီလိုမျိုးကဏ္ဍတွေကို ကာကွယ်စောင့်ရှောက်ရေးပိုင်းကပဲ ဖြစ်ဖြစ်၊ အုပ်ချုပ်စီမံရေးဖြစ်ဖြစ် ကဏ္ဍစုံမှာ အမြဲတမ်း ကျား၊မ တန်းတူရေး ဆိုတဲ့ ဥစ္စာဟာ ထည့်သွင်းစဉ်းစားနေရမှာ ဖြစ်သလို စဉ်းစားတဲ့ အကျင့်ရဖို့က အရေးကြီးတယ်။ ပွဲလုပ်မှ အမျိုး သမီးကို သတိရတာမျိုးက လုပ်ပြတဲ့ပုံစံမျိုးပဲ ဖြစ်သွားတယ်။ ထဲထဲဝင်ဝင် တန်းတူညီမျှမှု ရှိအောင်လို့ ပါဝင်စေ တဲ့ပုံစံမျိုး ဖြစ်လာအောင်၊ ဒါမှ မဟုတ်ရင် ကျွန်တော်တို့က အမျိုးသမီးတွေပါပါတယ် ဆိုတာမျိုး အိမ်ဖြည့်ပေါ့ နော်။ အဲလို့ ပုံစံမျိုး ဖြစ်သွားမလားဆိုတာမျိုးကို အချိန်ပြည့်စောင့်ကြည့်ရမယ်။ ပြောနေရမယ်။ စဉ်းစားမှုတွေမှာ လည်း ညီမျှမှု ရှိနေရမယ်။ ကျွန်တော်တို့ ပါဝင်ပတ်သက်တဲ့ ယော်ကျားပဲ ဖြစ်ဖြစ်၊ မိန်းမပဲ ဖြစ်ဖြစ် သတိထားပြီး တော့ လေ့ကျင့်ရမယ့် သဘောတွေရှိပါတယ်။
မေး။ ။ အမျိုးသမီးတွေက တော်လှန်ရေးထဲမှာ ထဲထဲဝင်ဝင် ပါဝင်လာခြင်းနဲ့အတူ ပဋိပက္ခနယ်မြေတွေမှာလည်း အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာ၊ အတင်းဓမ္မ ဖမ်းဆီးတာတွေကို စစ်ကောင်စီအပါအဝင် တော်လှန်ရေး အဖွဲ့တွေကပါ လုပ်နေတဲ့ အပေါ် ဘယ်လို့ သုံးသပ်ချင်ပါလဲ။ ဒါတွေကို ဘယ်လို့ဖြေရှင်းသင့်ပါသလဲ။
ဖြေ။ ။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး တရားမျှတမှု ဖော်ဆောင်တဲ့ အခါမှာ အုပ်ချုပ်စီမံရေးကို စ တည်ဆောက်ကတည်းက ငယ်တဲ့အမှု ပပျောက်ဖို့ ကြိုးစားကြတဲ့ အမှုအကျင့်ပေါ့နော်။ ဒါက ဟိုးရှေးကတည်း က မြန်မာနိုင်ငံမှာ အမြစ်တွယ်လာတဲ့ဟာ ကြီးတဲ့အမှု ငယ်စေ၊ ငယ်တဲ့ အမှုပပျောက်စေဆိုတဲ့ဟာမျိုးက တကယ်တမ်းကျတော့ တရားမျှတမှုကို ဖော်ဆောင်နိုင်ဖို့ တန်းတူညီမျှမှုကို ဖော်ဆောင်နိုင်ဖို့ အတွက် ဆန့်ကျင်ဖက် အတွေးအခေါ် ဖြစ်တယ်။ ကျွန်တော်တို့က ဘယ်လို့ အခြေအနေမျိုးမှာ ဖြစ်ဖြစ် သေးငယ်တဲ့ ကျူး လွန်မှုမျိုး ဒါမှမဟုတ် ခွဲခြားဆက်ဆံမှုမျိုး၊ စော်ကားမှုမျိုး ဖြစ်တယ်ဆိုရင် ကိုယ်ထိလက်ရောက်မှ မဟုတ်ဘူး။ ကိုယ် နှုတ်အမှုအရာဖြင့် Harrast လုပ်တယ်ဆိုတာကို ဖော်ထုတ်နိုင်ဖို့ စနစ် ထားထားဖို့ လိုတယ်။ ဖော် ထုတ်နိုင်ဖို့ စနစ်ဆိုတဲ့ဟာမှာ ကာယကံရှင်က လွယ်လွယ်ကူကူ ဖော်ထုတ်လို့ရတဲ့ တရားရေး စနစ်ဆိုလည်း အဆင့်ဆင့်ရှိတယ်။ အုပ်ချုပ်မှု အလွှာလိုက်ပေါ့နော်။ နောက်တစ်ခုက မြန်မာနိုင်ငံမှာ သိပ်မစဉ်းစားကြတဲ့ဟာ မတရားမှုက ကိုယ်ရဲ့ အိမ်နီးနားချင်း ပတ်ဝန်းကျင်မှာ ကျူးလွန်မှုက တွေ့နေရပြီ။ ကျူးလွန်တယ်လို့ သံသယ ရှိတဲ့ အခြေအနေမျိုး ရောက်နေရပြီ ဆိုရင် ကိုယ်တိုင် မဟုတ်ဘဲနဲ့ မျက်မြင်အနေနဲ့ တွေ့ပြီဆိုတာနဲ့ တိုင်ကြားလို့ အကူအညီယူလို့ရတဲ့ စနစ်တွေ ကျွန်တော်တို့ တည်ဆောက်ထားဖို့ လိုတယ်။ ကာယကံရှင်ကလည်း လွယ်လွယ်ကူကူ တိုင်ကြားလို့ရမယ့် ပုံစံမျိုး ဖြစ်ရမယ်။ ခက်ခဲနေတယ်ဆိုရင်တော့ တမင်သပ်သပ် မတိုင်စေချင် လို့ လုပ်ထားတဲ့ သဘောသက်ရောက်တယ်။ အဲအတိုင်းပဲ ကိုယ်တိုင် တိုင်ဖို့ ခက်ခဲတယ်။ လက်လှမ်းမမှီတာမျိုး ဆိုရင် ကျွန်တော်တို့ eye center intervision ပုံစံမျိုး ကြားဝင်ဖြေရှင်းပေးဖို့ ဒါမှမဟုတ် တိုင်ကြားလို့ရတဲ့ စနစ် ထူထောင်သင့်တယ်။
အခုလို အချိန်ပေးဖြေကြားပေးလို သံလွင်ခက်က ကျေးဇူးတင်ပါတယ်။