ခင်သရဖီဦး
စစ်ကောင်စီ တပ်နှင့် အာရက္ခတပ်တော် AA တို့ တိုက်ပွဲ ပြင်းထန်ဖြစ်ပွားနေသည့် ကျောက်ဖြုုနှင့် စစ်တွေ မြို့နယ်တို့တွင် စစ်ကောင်စီ က ကျေးရွာများအား ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သည့်အတွက် အိမ်ခြေ ၂၀၀ ခန့်မှာ မီးလောင် ဆုံးရှုံးသွားကြောင်း သိရသည်။
စစ်ကောင်စီက ပြီးခဲ့သည့် မတ်လ ၆နှင့် ၇ရက်နေ့များတွင် ကျောက်ဖြူမြို့နယ်ရှိ ကြတ္တိန်အောက်ရွာနှင့် ဦးကင်းရွာနှင့် စစ်တွေမြို့နယ် ဝါဘိုကျေးရွာတို့အား ဗုံးကြဲခဲ့ခြင်းဖြစ်သည်။
ကျောက်ဖြူမြို့နယ်က ကြတ္တိန်အောက်ရွာအား မတ်လ ၇ ရက်နေ့တွင် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခြင်းကြောင်း အိမ်ခြေ ၃၅ အိမ် မီးလောင်ပျက်စီးသွားခဲ့သည်။
ယင်းအပြင် ဦးကင်းရွာတွင်လည်း နေအိမ် ၁၇၀ ရှိရာမှ နေအိမ် ၁၄၀ ခန့် မီးလောင်ပျက်စီးသွားခဲ့ပြီး ယင်းနေ့တွင်ပင် စစ်တွေမြို့နယ်၊ ကံ့ကော်ကျွန်းရွာတွင် စခန်းချနေထိုင်နေသည့် စစ်ကောင်စီတပ်က ဝါဘိုကျေးရွာအား ဒရုန်းဖြင့် ဗုံးကြဲခဲ့သည့်အတွက် နေအိမ် ၃၅ အိမ် ပျက်စီးသွားခဲ့သည်။
” စစ်ကောင်စီကတော့ ကျေးရွာတွေကို သတ်သတ်မဲ့ ဗုံးကြဲတာ တွေ့ရတယ် ။ ဟိုတနေ့က ဦးကင်းရွာကို ကြဲတယ်။ ဒီနေ့ ကြတ္တိန်ရွာကို ထပ်ကြဲတာတွေ့ရတယ်။ လူအထိအခိုက်တော့ မရှိဘူးပေါ့။ ဒေသခံတွေ က အကုန် ရှောင်နေကြရတော့လေ။ ” ဟု ကျောက်ဖြူ မြို့ခံ တစ်ဦးက ဆိုသည်။
စစ်ကောင်စီ အနေဖြင့် တိုက်ပွဲ ဖြစ်ပွားနေသည့် အနီးအနားရှိ ကျေးရွာများအား ဆက်တိုက်ဆိုသလို ဒရုန်း၊ ဂျက်ဖိုက်တာ များဖြင့် ပစ်ခတ်မူများရှိနေပြီး နေအိမ်များမှာ မီးလောင် ဆုံးရှုံးနေသည်။
စစ်ရေး အရှိန်မြှင့်နေသည့် ဒေသအနီး နေထိုင်သူများမှာ တိုက်ပွဲ ဖြစ်ပွားလာမည်ကို စိုးရိမ်သည့်အတွက် ကျေးရွာမှ ထွက်ပြီး တခြားနေရာများတွင် စစ်ရှောင်ကြသည့်အတွက် လူများ အထိအခိုက် မရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။
” လူအထိအခိုက်တော့ မရှိဘူးလေ။ လူတွေက အစကတည်းက စစ်ရှောင်နေကြတော့ အထိအခိုက် မရှိဘူးလို့ သိရတယ်။ ဖုန်းလိုင်းကလည်း သေချာ မရတော့ တိတိကျကျတော့ မသိပါဘူး။ ” ဟု ဆိုသည်။
စစ်ကောင်စီ အနေဖြင့် ယခုကဲ့သို့ ပြည်သူလူထုနေသည့် နေအိမ်များနှင့် လူစုလူဝေးအား ရည်ရွယ်ချက်ရှိရှိ ကျူးလွန်နေခြင်းဖြစ်ကြောင့် ရခိုင်လူငယ်တစ်ဦးက ဆိုသည်။
” အကြမ်းဖက် စစ်ကောင်စီ ကနေပြီးတော့ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်တာတွေ လုပ်နေတယ်ပေါ့လေ။ နေအိမ်တွေနဲ့ လူတွေကို အပြစ်မဲ့ သတ်ဖြတ်တာတွေကို မျက်ဝါးထင်ထင် မြင်နေရတယ်။ ဒီလုပ်ရပ်တွေက စစ်ကောင်စီ ရဲ့ အကြမ်းဖက် လုပ်ရပ်တွေ ဖြစ်တယ်။ အဲဒီ အပေါ်မှာ ကျနော်တို့က ပြင်းပြင်းထန်ထန် ရူတ်ချပါတယ်။ လက်ရှိ အာရက္ခ တပ်တော်ကလည်း ပြင်းပြင်းထန်ထန် ချေးမုန်းနေတာတွေကိုလည်း တွေ့ရပါတယ်။ ” ဟု ဆိုသည်။
လက်ရှိတွင် စစ်ကောင်စီ တပ်နှင့် အာရက္ခတပ်တော် တို့မှာ စစ်တွေမြို့နယ်ရှိ အမြင့်ကျွန်း အနီးအနားတွင် တိုက်ပွဲ ပြင်ထန်နေပြီး ကျောက်ဖြူ မြို့တွင်လည်း ဓညဝတီ ရေတပ်စခန်းအားလည်း AA က ထိုးစစ်ဆင် တိုက်ခိုက်နေသည့်အတွက် တိုက်ပွဲ များပြင်ထန်နေသည်။
Photo APM