မြဝတီဒေသအတွင်းရှိ လောင်းကစားရုံများနှင့် ကျားဖြန့်လုပ်ငန်းခွင်များတွင် ရောက်ရှိနေသော တရုတ်နိုင်ငံသား ၄၅၆ ဦးအား တရုတ်နိုင်ငံပိုင် လေကြောင်းလိုင်းမှ လေယာဉ်ဖြင့် ခရီးစဉ် ၆ ခေါက် ပြေးဆွဲပြီး မတ်လ ၆ ရက်တွင် ခေါ်ဆောင်သွားသည်ဟု ကရင်နယ်ခြားစောင့်တပ်(BGF) တာဝန်ရှိသူထံမှ စုံစမ်းသိရသည်။
အဆိုပါ တရုတ်နိုင်ငံသားများအား ထိုင်းနိုင်ငံရှိ တရုတ်သံရုံးမှ ကိုယ်စားလှယ်များက မှန်လုံယာဉ်များဖြင့် မြန်မာ-ထိုင်းချစ်ကြည်ရေးတံတား အမှတ် ၂ မှတဆင့် မဲဆောက်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပို့ဆောင်ပေးခဲ့သည်။
မြဝတီရှိ တရားမဝင်လုပ်ငန်းများဖြစ်သည့် လောင်းကစားရုံများနှင့် ကျားဖြန့်လုပ်ငန်းများတွင် ရောက်ရှိနေသည့် တရုတ်နိုင်ငံသား ၁၄၃၉ဦး အား မတ်လ ၆ ရက်မှ ၉ ရက် အထိ လေးရက်အတွင်း မဲဆောက်-မြဝတီချစ် ကြည်ရေးတံတား အမှတ် ၂ မှ တစ်ဆင့် မဲဆောက်လေဆိပ်သို့ မော်တော်ယာဉ်များဖြင့် လွှဲပြောင်းပေးသွားမည်ဖြစ်ပြီး တရုတ်နိုင်ငံသို့ လေယာဉ်များဖြင့် ပြန်လည်ပို့ဆောင်သွားမည်ဟု BGF ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က ပြောသည်။
ကျားဖြန့်နှိမ်နင်းရေးလုပ်ငန်းစဉ်များတွင် BGF အနေဖြင့် ဖေဖော်ဝါရီ ၁၂ ရက်မှ စတင်ကာ ထိုင်း၊မြန်မာနိုင်ငံမှ တာဝန်ရှိသူများနှင့် ပူးပေါင်းပါဝင်ခဲ့ပြီး အဆိုပါ လုပ်ငန်းခွင်များမှ လူဦးရေ ၇၀၀၀ ကျော်ကိုလည်း ကယ်ဆယ်၊ ထိန်းသိမ်းထားပြီး ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။
ထိုပြင် လောင်းကစားရုံများနှင့် ကျားဖြန့်လုပ်ငန်းများတွင် အတင်းဓမ္မအလုပ်စေခိုင်းခံရသည့် နိုင်ငံသားများ ရှိပါက သံရုံးမှ တဆင့်ဆက်သွယ်ပြီး အကူအညီတောင်းခံနိုင်ကြောင်းလည်း BGF မှ ပြောထားသည်။






