ခင်သရဖီဦး
နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှုများရှိနေသည့် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် စစ်ဘေးရှောင် သုံးထောင်ကျော်ခန့်မှာ စားနပ်ရိက္ခာအခက်အခဲ ကြုံ တွေ့နေကြရသည်ဟု စစ်ဘေးရှောင်များနှင့် ကူညီပေးနေသူများထံမှ သိရသည်။
ကျောက်ဖြူမြို့နယ်ရှိ စစ်ကောင်စီ၏ ဓည၀တီရေတပ်စခန်းအနီးဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး ယင်းအနီးတဝိုက်ကျေးရွာ ဆယ်ရွာခန့်မှ ပြည်သူများ နေရပ်စွန့်ခွာတိမ်းရှောင်နေကြရသည်။
“ဓည၀တီရေတပ်စခန်းကနေပြီးတော့ လက်နက်ကြီးတွေနဲ့ ပစ်တာကို ညရော နေ့ရော ကြားရတယ်။ အဲဒီအနီးအနားက ဒေသခံ ထောင်နဲ့ချီပြီးတော့ ပြေးနေရတယ်ပေါ့လေ။ စားဝတ်နေရေး ကျပ်တည်းတာတွေ ပိုပြီးတော့ ရှိနေတာပေါ့။ အကူအညီတွေ အများကြီး လိုအပ်နေပါတယ်” ဟု ကျောက်ဖြူက စစ်ရှောင်အရေး ကူညီနေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။
တိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များထဲတွင် ကလေးငယ်နှင့် အမျိုးသမီးအများအပြားပါဝင်ပြီး လစဉ်သုံးပစ္စည်းများ လိုအပ်နေသည်ဟုလည်း ၎င်းက ဆက်ပြောသည်။
“လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေတော့ ကြောက်စိတ်တွေနဲ့ စစ်ဘေးရှောင်နေကြရတယ်။ အခုအချိန်အထိတော့ ပစ်နေတုန်းပါပဲ။ စစ်ဘေးရှောင်တွေကလည်း ထပ်တိုးလာတာရှိတယ်။ အမျိုးသမီးတွေကလည်း လစဉ်သုံးပစ္စည်းတွေကလည်း လိုအပ်နေတာတွေရှိတယ်။ လစဉ်သုံးပစ္စည်းတွေကိုလည်း လွယ်လွယ်ကူကူ ဝယ်လို့မရတာတွေရှိတယ်။ ဒါတွေကိုလည်း သက်ဆိုင်တဲ့တာဝန်ရှိသူတွေအနေနဲ့ လုပ်ပေးစေချင်ပါတယ်” ဟု ၎င်းက ဆိုသည်။
ထွက်ပြေးလာသည့် စစ်ဘေးရှောင်များမှာ ရှောက်ချောင်း၊ စည်မော်၊ ကြတ္တိန်၊ စိုင်ခြုံရွာစသည့်ကျေးရွာ ၁၀ ကျော်မှ ဒေသခံများဖြစ်သည်။
ယင်းကျေးရွာအနီးတွင် ရေတပ်ဌာနချုပ်ရှိပြီး စစ်ကောင်စီအနေဖြင့် လက်နက်ကြီး၊ ဒရုန်းများဖြင့် နေ့စဉ်ပစ်ခတ်မှုများရှိနေသည်ဟုလည်း သိရသည်။
တရုတ်၏ ရေနံနှင့် သဘာ၀ဓါတ်ငွေ့ပိုက်လိုင်း တည်ရှိရာ ကျောက်ဖြူမြို့နယ်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ တတိယပတ်မှစတင်ကာ စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်(AA)တို့ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေခြင်းဖြစ်သည်။
ပုံစာ – ကျောက်ဖြူရှိ စစ်ရှောင်းစခန်းတစ်ခုမှ စစ်ရှောင်ပြည်သူများ