မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ မြင်းခြံကျားသစ်နက် ဌာနချုပ်စခန်း Myingyan Black Tiger (MBT) ကို စစ်ကောင်စီတပ်က ရှစ်ရက်အကြာ ထိုးစစ်ဆင်ပြီးနောက် လက်လွှတ်ဆုံးရှုံးခဲ့ရသည်ဟု MBT ၏ တာဝန်ရှိသူ ဗိုလ်မိုက်ခဲက ပြောသည်။
အဆိုပါ ဌာနချုပ်အား သိမ်းပိုက်နိုင်ရန် ပခုက္ကူ၊ ရေစကြိုမြို့ပေါ် ရှိ စစ်ကောင်စီတပ်သားများ စုဆောင်းကာ ရေစကြိုမြို့နယ်၊ ချင်းတွင်းမြစ်အရှေ့ဘက် ရေလယ်ကျွန်းဒေသကို လေယာဉ်ပစ်ကူများဖြင့် စစ်ကြောင်းထိုးလာခဲ့ခြင်းဖြစ်သည်။
“ကျနော်တို့ တပ်တော့ ဆုတ်ပေးလိုက်ရတယ်။ ကျနော်တို့ ဌာနချုပ်စခန်းကတော့ ပါသွားတယ်ပေါ့” ဟု ဗိုလ်မိုက်ခဲကပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၆ ရက်မှ စတင်၍ ရေစကြိုမြို့ပေါ်မှ စစ်ကြောင်းထိုးလာသည့် အင်အား ၂၀၀ ဝန်းကျင်ရှိသည့် စစ်ကောင်စီ စစ်ကြောင်းကို MBT နှင့် မဟာမိတ်များ ပူးပေါင်း တိုက်ခိုက်ခဲ့သော်လည်း လေကြောင်း တိုက်ခိုက်မှုများကြောင့် လက်လွှတ်ဆုံးရှုံးခဲ့ရသည်ဟု ဗိုလ်မိုက်ခဲက ဆိုသည်။
“လေကြောင်း နှစ်ကြိမ် ပြုလုပ်ခဲ့တယ်။ ဂျက်ဖိုက်တာနဲ့လေကြောင်း နှစ်ကြိမ် ဗုံးကြဲတယ်။ ပြီးတော့မှ ဒီကောင်တွေ (စစ်ကောင်စီတပ်သားများ) စက်သေနတ်တွေနဲ့ အပေါ်က ပစ်တယ်။ ပြီးတော့မှ ဝင်တယ်” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီတပ်က လက်နက်ကြီး၊ လေကြောင်းပစ်ကူပေးခြင်းကြောင့် ဒေသခံပြည်သူများ ထိခိုက်မှာ စိုးရိမ်ရသည့်အတွက် စခန်းမှ ဆုတ်ခွာပေးခဲ့ရခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
စစ်ကောင်စီတပ်က မတ်လ ၅ ရက် ထိုးစစ်ဆင်လာချိန်တွင် နှစ်ဖက်ထိတွေ့တိုက်ပွဲများကြောင့် စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့သည်ဟုလည်း အဆိုပါတာဝန်ရှိသူကအတည်ပြုသည်။
ထို့အပြင် စစ်တပ်မှ ထိုးစစ်ဆင် စတင်တိုက်ခိုက်သည့် ဖေဖော်ဝါရီ ၂၆ တွင်လည်း စစ်ကောင်စီတပ်သား ကိုးဦး သေဆုံးခဲ့ပြီး ကိုးဦးအား စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိခဲ့သည်ဟု MBT ထုတ်ပြန်ချက်အရ သိရသည်။
စစ်ကောင်စီတပ်သည် MBT ဌာနချုပ်စခန်းကို သိမ်းရန် ထိုးစစ်ဆင်သည့် အချိန်တွင် ဌာနချုပ်အနီးရှိ မင်္ဂလာခြံရွာ၊ မြေကျပ်တော်ရွာ၊ ရွာသစ်ရွာ၊ ဇရပ်နီရွာ၊ သာခေါင်ရွာ စသည့်ကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့သည်ဟုလည်း သိရသည်။
ပုံစာ- တပ်ဆုတ်လာသည့် Myingyan Black Tiger တပ်ဖွဲ့ဝင်များကို မတ် လ ၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-MBT)
