ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ ကျားဖြန့်အွန်လိုင်းငွေလိမ်လုပ်ငန်းက အင်ဒိုနီးရှားနိုင်ငံသား ၅၈ ဦးကို နယ်ခြားစောင့်တပ်(BGF)က ထပ်မံထိန်းသိမ်းထားသည်ဟု တာဝန်ရှိသူများထံကသိရသည်။
BGF ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး နိုင်မောင်ဇော်က ” ကျားဖြန့်နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ နောက်တိုး အင်ဒိုနီးရှားနိုင်ငံသားတွေ ထပ်ပြီးတော့မှ ပြန်လည်ပို့ဆောင်တဲ့ နေရာကိုထပ်စုထားတယ် ” ဟုဆိုသည်။
မြဝတီမြို့ အမှတ်၅ ရပ်ကွက်တွင် အွန်လိုင်းကျားဖြန့်လုပ်ကိုင်သည်ဟု သတင်းရရှိသည့်အတွက်မတ်လ ၃ ရက်
ညပိုင်း၌ သွားရောက်ရှာဖွေခဲ့ရာ အင်ဒိုနီးရှားနိုင်ငံသား ၅၈ ဦးတွေ့ရှိခဲ့ခြင်းဖြစ်သည်။
ထို့သို့တွေ့ရှိရာတွင် အင်ဒိုနီးရှားနိုင်ငံသားများသည် အထောက်အထားမခိုင်လုံသည့်အတွက် BGF တပ်ဖွဲ့က ခေါ်ယူထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။
ကရင်ပြည်နယ်နယ် မြဝတီမြို့နယ်အတွင်း ကျားဖြန့်နှိမ်နှင်ရေးစီမံချက်အနေဖြင့် လုပ်ဆောင်ရန် ဖေဖော်ဝါရီ ၁၂ ရက်တွင် စတင်မည်ဟု ကရင်နယ်ခြားစောင့်တပ်(BGF)က သတင်းထုတ်ပြန်ခဲ့သည်။
ဖေဖော်ဝါရီ ၁၄ ရက်မှ ဖေဖော်ဝါရီ ၂၆ ရက်အထိ ၂ ပတ်ခန့်ကာလအတွင်း နိုင်ငံခြားသား ၇၁၄၁ ဦးကို ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည်ဟု BGF ၏ စာရင်းများတွင် ဖော်ပြထားသည်။
၎င်းတို့အနက်မှ ဖေဖော်ဝါရီလ ၆ ရက်တွင် ၆၁ ဦး၊ ဖေဖော်ဝါရီ ၂၀ရက်မှ ၂၂ ရက် သုံးရက်တာအတွင်း တရုတ်နိုင်ငံသား ၆၁၂ ဦးနှင့် ဖေဖော်ဝါ ၂၇ ရက်တွင် အင်ဒိုနီးရှားနိုင်ငံသား ၈၄ ဦးတို့ကို ထိုင်းနိုင်ငံမှတဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးရန် တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံအပါအဝင် သက်ဆိုင်ရာနိုင်ငံသံရုံးများနှင့် ချိတ်ဆက်ဆောင်ရွက်ခဲ့ကြသည်။
လက်ရှိအချိန်တွင် ကျန်ရှိနေသော ၆၃၈၄ ဦးမှာ ပြန်လည်လွှဲပြောင်းရန် ကြန့်ကြာနေမှုများရှိနေပြီး ယာယီထားရှိရာနေရာများတွင် ရောနှောနေထိုင်ရခြင်း၊ ကျန်းမာရေးချို့တဲ့သူများပါဝင်နေခြင်းများကြောင့် သက်ဆိုင်ရာနိုင်ငံသံရုံးများမှ အမြန်ဆုံးပြန်လည်ခေါ်ယူရန် တောင်းဆိုနေကြသည်။