ကရင်အမျိုးသမီးခေါင်းဆောင်၊ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုတရားသူကြီး – ၂ ဖြစ်သည့် ဒေါက်တာ ပဒိုနော်ဘလူးမင်းနိုက်ဇန်၏ မြေချဝတ်ပြုခြင်း အစီအစဉ်ကို ယနေ့တွင် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့နယ်၊ မဲ့ကဆာကျေးရွာ သုဿန်၌ ပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားကို KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်း၊ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီး၊ KNU ဥက္ကဌဟောင်း ပဒိုစောမူတူးစေးဖိုး အပါအဝင် ကရင်အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများတက်ရောက် ဂါဝရပြုခဲ့ကြသည်။
အသက် ၇၀ နှစ်ရှိသူ ဒေါက်တာ ပဒိုနော်ဘလူးမင်းနိုက်ဇန်သည် ဖေဖော်ဝါရီ ၂၈ ရက် ညနေ ၆ နာရီကျော်တွင် ထိုင်းနိုင်ငံ ၊ မဲဆောက်ဆေးရုံကြီးတွင် လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။
ယခုကဲ့သို့ တာဝန်ကျေပွန်သည့် ခေါင်းဆောင်တစ်ဦး ကွယ်လွန်သွားခြင်းသည် ဆုံးရှုံးမှုတစ်ခုဖြစ်သည်ဟု KNU ပြောခွင့်ရ ပဒိုစောတောနီးက ဆိုသည်။
” သူတာဝန်ယူထားတဲ့ လုပ်ငန်းတာဝန်တွေက တော်တော်များပါတယ်။ အမျိုးသမီးအခွင့်အရေးရယ်၊ ကလေးအခွင့်အရေးရယ် နောက်ပြီး မိခင်အစည်းအရုံးရဲ့ နိုင်ငံရေး တာဝန်လည်းပါခဲ့တယ်။ ဒီလိုဖြစ်သွား တော့ ဆုံးရှုံးမှုတစ်ခုဖြစ်တယ်လို့ပြောချင်ပါတယ်။ တာဝန်ကျေတဲ့ခေါင်းဆောင်တစ်ယောက်အပေါ်မှာ နှမြောတယ်ဆိုပေမယ့် ဖြေသိမ့်နိုင်ပါတယ်။ အထူးသဖြင့် သူရဲ့ လုပ်ဆောင်မှုအပိုင်းမှာ လူငယ်တွေ၊ အမျိုးသမီးတွေရောမှာ သူ ခေါင်းဆောင်အများကြီး မွေးထုတ်နိုင်ခဲ့တယ်”ဟု ၎င်းကဆိုသည်။
ဒေါက်တာ ပဒိုနော်ဘလူးမင်းနိုက်ဇန်သည် ကရင်အမျိုးသမီးအစည်းအရုံး(KWO) တွင် ၂၀၀၀ခုနှစ် တွင် ဝင်ရောက်လာခဲ့ပြီး ရွေးကောက်ပွဲကော်မတီခေါင်းဆောင်အနေဖြင့် ပါဝင်ခဲ့သည်။
၂၀၀၄ ခုနှစ် ကရင်အမျိုးသမီးအစည်းအရုံး (၄)ကြိမ်မြောက် ကွန်ဂရက်တွင် တွဲဖက်အတွင်းရေးမှူးအဖြစ် ရွေးကောက်ခံရပြီး တပြိုင်နက်တည်းမှာပဲ Documentation သုတေသန တာဝန်ခံ တဦးအနေဖြင့် တာဝန်ပေးခံခဲ့ရသည်။
၂၀၀၈ခုနှစ်၊ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကွန်ဂရက်တွင် ဗဟိုအမြဲတမ်းကော်မတီဝင် အနေဖြင့် ၂၀၀၈ ခုနှစ်မှ ၂၀၁၂ ခုနှစ် အထိ တာဝန်ယူခဲ့သည်။
ထို့နောက် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး (၁၇)ကြိမ်မြောက် ကွန်ဂရက်တွင် ဗဟိုအမြဲတမ်းကော်မတီဝင် တစ်ဦးအနေဖြင့် တာဝန်ယူခဲ့ပြီး ဗဟိုတရားသူကြီး(၂) တာဝန်နှင့် ကရင်လူ့အခွင့်အရေးကော်မတီ ဥက္ကဌတာဝန်တို့ကို တာဝန်ယူခဲ့သည်။
ပုံစာ – ဒေါက်တာ ပဒိုနော်ဘလူးမင်းနိုက်ဇန်၏ ဈာပနမြင်ကွင်း။ ( ဓာတ်ပုံ – အေကေ )









