စစ်ကောင်စီ၏ အတင်းအဓမ္မ စစ်သားစုဆောင်းခြင်းခံခဲ့ရသည့် ပြည်သူ့စစ်တစ်ဦးသည် မြိုင်ပကဖ တပ်ရင်း (၁) တပ်ခွဲ (၂) ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံသို့ မတ်လ ၁ ရက်တွင် အလင်းဝင်ရောက်ခဲ့သည်ဟု သိရသည်။
MA-1 သေနတ် တစ်လက်၊ MA ကျည် ၆၀၊ ကျည်ဘောက် (၃) ခုတို့ဖြင့် အလင်းဝင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ အလင်းဝင်လာသည့် ပြည်သူ့စစ်မှာ စစ်ကိုင်းတိုင်းတွင် နေထိုင်သူ ဖြစ်ပြီး ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် စစ်ကိုင်းမြို့ အခြေစိုက် တပ်မ (၃၃) က စစ်ကိုင်းတိုင်းတံတားတွင် စစ်တပ်က ပေါ်တာဆွဲခံခဲ့ရသူဖြစ်သည်ဟု ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူမှ ပြောသည်။
ထိုသို့ ပေါ်တာဆွဲခံရပြီးနောက် ပခုက္ကူမြို့ အခြေစိုက် တပ်မ (၁၀၁) ကို ရောက်ရှိချိန်တွင် ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထံသို့ ထွက်ပြေးလာခြင်းဖြစ်သည်။
“စစ်သား၊ ရဲနဲ့ ပျူတွေလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အမြန်ပူးပေါင်းပေးဖို့နဲ့ လက်နက်ပါ ယူဆောင်လာနိုင်ရင် ဆုကြေးကို ဒီထက်ပိုပြီး ပေးနိုင်အောင် ကြိုးစားပေးပါ့မယ်။ ဘေးကင်းလုံခြုံတဲ့ နေရာမှာ မိသားစုတွေနဲ့ ဆုံနိုင်အောင် ကူညီပေးပါ့မယ်”ဟု ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။
လက်ရှိတွင် အလင်းဝင်လာသည့် ပြည်သူ့စစ် မျိုးမင်းအောင်အား ဆုကြေးငွေ ကျပ်သိန်း ၃၀ ပေးအပ်ထားကာ လွတ်မြောက်နယ်မြေရှိ မိသားစုဝင်များထံသို့ ဘေးကင်းလုံခြုံစွာ ပို့ဆောင်ထားသည်ဟု သိရသည်။ အဆိုပါ ပြည်သူ့စစ်သည် ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံသို့ ပထမဆုံး အလင်းဝင်လာသူ ဖြစ်သည်။
ထို့အပြင် အလင်းဝင်ရောက်လိုသည့် စစ်သား၊ ရဲနှင့် ပျူစောထီးများအား နီးစပ်ရာ မြိုင်-ပကဖနှင့် တော်လှန်ရေးတပ်ဖွဲ့များထံသို့ ချိတ်ဆက်ရန် နှိုးဆော်ထားသည်။
နယ်မြေဆုံးရှုံးမှုများနေပြီး စစ်သားလိုအပ်ချက် မြင့်မားနေသည့် စစ်ကောင်စီသည့် ၎င်း ထိန်းချုပ်ထားသည့် နယ်မြေများတွင် နေထိုင်ကြသည့် အရပ်သားပြည်သူများအား စစ်မှုထမ်းဥပဒေကို အကြောင်းပြကာ အတင်းအဓမ္မ စစ်သားစုဆောင်းခြင်းများကို ဆက်တိုက်လုပ်ဆောင်နေသည်။
ပုံစာ – ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံသို့ ပထမဆုံး အလင်းဝင်လာသည့် ပြည်သူ့စစ်


