ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ (Lotus) လိုတက်စ်ဈေးဝယ်စင်တာ အောက်ထပ်ရှိ သြရွဇာ ရွှေဆိုင်အား မတ်လ ၂ ရက် ည ၇ နာရီကျော်ခန့်တွင် Line Man အင်္ကျီဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦးမှ သေနတ် ၅ ချက်ဖောက်ပြီး ရွှေတစ်ပိဿာ ကျော်ခန့်အား ယူဆောင်သွားသည်ဟု သိရသည်။
အဆိုပါ Line Man အကျီဝတ်ဆင်ထားသည့် အမျိုးသားသည် ဆိုင်ထဲသို့ ဝင်ရောက်လာပြီး သေနတ်ဖောက်လိုက်ချိန်တွင် ဆိုင်ဝန်ထမ်းများနှင့် စျေးဝယ်နေသူများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ကြရသည်ဟု ယင်းကုန်တိုက်တွင် ဆိုင်ဖွင့်ထားသူ အမျိုးသမီး တစ်ဦးက ပြောသည်။
“အခုက ရဲတွေ စစ်ဆေးနေကြတယ်။ အရင်တစ်ရက်ကလည်း အပေါ်ထပ်က ရွှေဆိုင်မှာ လုယက်မှု ဖြစ်သေးတယ်။ ဒါပေမယ့် ဖမ်းမိသွားတယ်” ဟု အဆိုပါ အမျိုးသမီးက ပြောသည်။
စီစီတီဗီ မှတ်တမ်းများအရ အဆိုပါ အမျိုးသားသည် ရွှေဆိုင်မှ ရွှေထည်များကို ၎င်းယူဆောင်လာသည့် အိတ်ထဲသို့ ထည့်ပြီး ထွက်ပြေးသွားသည်။
ထိုသို့ မဲဆောက်တွင် သေနတ်ဖောက်ပြီး ဓါးပြတိုက်ခြင်းကြောင့် အစစ်အဆေးများ ပိုမိုများပြားလာနိုင်သည်ဟုလည်း ရွှေ့ပြောင်းမြန်မာလုပ်သားများက သုံးသပ်ကြသည်။
ယင်းသို့ ဓါးပြတိုက်နေသည့် အချိန်တွင် ကုန်တိုက်ထဲတွင် စျေးဝယ်နေသူများအား လာရောက်စစ်ဆေးသည့် ရဲများက အပြင်ထွက်ခွင့် မပေးကြောင်း ယင်းအချိန်တွင် ကုန်တိုက်ထဲသို့ ရောက်ရှိနေသူ တစ်ဦး၏ ပြောဆိုချက်အရ သိရသည်။
ပုံစာ- ဓားပြတိုက်မှုဖြစ်စဉ်မြင်ကွင်းနှင့် ထိုင်းရဲများ လာရောက်စစ်ဆေးနေစဉ်





