သံလွင်ခက်
ဒီဇင်ဘာလ ၂၉၊၂၀၂၄။
အာရက္ခတပ်တော် AA ၏ တစ်နှစ်ကျော်ထိုးစစ်အတွင်း မြို့နယ် ၁၄ ခုမြောက်အဖြစ် ဂွမြို့ကို ဒီဇင်ဘာ ၂၉ ရက်တွင် နေ့လယ်ပိုင်းတွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်ဟု AA က ယမန်နေ့တွင်ထုတ်ပြန်သည်။
မြို့နယ် ၁၇ ခုရှိသည့် ရခိုင်ပြည်နယ်တွင် အာရက္ခတပ်တော် AA က သိမ်းပိုက်ရန် မြို့ ၃ မြို့သာ ကျန်ရှိတော့သည်။
ဂွမြို့အား ၂၀၂၄၊ ဒီဇင်ဘာလ ၁၅ ရက်တွင် စတင်ပြီး ဂွအခြေစိုက် စစ်ကောင်စီတပ်ရင်း ခမရ (၅၆၂) နှင့် ခမရ (၅၆၃) တပ်ရင်းတို့အား ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဒီဇင်ဘာ ၂၉ ရက် မွန်းတည့် ၁၂ နာရီတွင် အဆိုပါတပ်ရင်း၂ ခုအားသိမ်းပိုက်နိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။
စစ်ကောင်စီတပ်က ဂွမြို့မကျရေးအတွက် အနောက်တောင်တိုင်းစစ်ဌာနချုပ် နတခ လက်အောက်ခံ တပ်ရင်းများအပါအဝင် အင်အား (၁၂၀၀) ကျော်ဖြင့်ခုခံကာကွယ်ခဲ့သော်လည်း AA၏ ထိုးစစ်အတွင်း လက်လွှတ်ခဲ့ရသည်ဟု AA က ဆိုထားသည်။
ဂွမြို့အား စစ်ကောင်စီတပ်က လေကြောင်းပစ်ကူ၊သံချပ်ကာပစ်ကူ၊ရေကြောင်းပစ်ကူများဖြင့် ခုခံခဲ့သော်လည်း နှစ်ပတ်အကြာတွင် ဂွမြို့ကို လက်လွှတ်ခဲ့ရခြင်းဖြစ်သည်။
ဂွမြို့ထိုးစစ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ တပ်မ ၁၁၊တပ်မ ၆၆ လက်အောက်ခံတပ်ရင်းများအပြင် အနောက်တောင်တိုင်းစစ်ဌာနချုပ်-နတခ လက်အောက်ခံ ခလရ ၃၆၊၃၈၊၉၃၊၂၇၁နှင့် ၃၀၈ စသည့် တပ်ရင်းများကိုလည်း တိုက်ခိုက်ခဲ့သေးသည်ဟု ဖော်ပြထားသည်။
အဆိုပါတိုက်ပွဲအတွင်း တပ်မ ၁၁ တပ်မမှူး ဗိုလ်မှူးကြီး သန်းစိုးဝင်း အပါအဝင် စစ်ကောင်စီတပ်သား ၇၀၀ ထက်မနည်းသေဆုံးခဲ့ကာ သံချပ်ကာအချို့ ၊စစ်အသုံးအဆောင်လက်နက်ခဲယမ်းများနှင့် စစ်သုံ့ပန်းများ ဖမ်းမိခဲ့သည်ဟု AA ကပြောဆိုထားသည်။
ဂွမြို့ သည် အာရက္ခတပ်တော်၏ ၂၀၂၄ ခုနှစ်အတွင်း နောက်ဆုံးသိမ်းပိုက်နိုင်ခဲ့သည့် မြို့တစ်မြို့ဖြစ်သည်။
ဂွမြို့အားသိမ်းပိုက်နိုင်သည့် ဒီဇင်ဘာ ၂၉ တစ်ရက်တည်းတွင် AA က စစ်ကောင်စီနှင့် စစ်ရေးထက် နိုင်ငံရေးနည်းနှင့် ဖြေရှင်းရန် အသင့်ရှိသည်ဟုလည်း ဆိုထားသည်။
ပြီးခဲ့သည့် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်တွင် စတင်ခဲ့သည့် ရခိုင်ပြည်ထိုးစစ်သည် တစ်နှစ်ကျော် အတွင်း မြို့ပေါင်း ၁၄ မြို့ကို သိမ်းပိုက်ထားနိုင်ပြီး မြို့တော်စစ်တွေ ၊ ကျောက်ဖြူ နှင့် မာန်အောင် စသည့် မြို့၃ မြို့သာ ကျန်ရှိတော့သည်။
ပုံစာ-ဂွမြို့အား အပြီးသတ်သိမ်းပိုက်ခဲ့သည့် အာရက္ခတပ်တော် AA တပ်ဖွဲ့ ဝင်များ။