ဘုန်းမောင်
ဒီဇင်ဘာ ၁၈၊ ၂၀၂၄။
နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) ရဲ့အစိုးရရှေ့နေချုပ်က အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ပေးဖို့ နိုဝင်ဘာ ၂၇ ရက်ကတောင်းဆိုခဲ့ပါတယ်။
ICC က မြန်မာစစ်ခေါင်း ဆောင်ကို တရားဥပဒေလမ်းကြောင်းကနေ ထွက်ပေါက်မရှိအောင်ပိတ်ဆို့နေသလိုပဲ တရုတ်အစိုးရကလည်း မြန်မာစစ်ကောင်စီအပေါ် ကူညီပံ့ပိုးနေမှုတွေကို တိုးချဲ့နေပုံပေါ်ပါတယ်။
ပြီးခဲ့တဲ့ဩဂုတ်လမှာတော့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီမြန်မာနိုင်ငံကိုလာရောက်ခဲ့ပါတယ်။ တရုတ် နိုင်ငံခြားရေးဝန်ကြီးရဲ့ မြန်မာနိုင်ငံခရီးစဥ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီစစ်အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးလာရောက်တဲ့ခရီးစဥ်လည်းဖြစ်ပါတယ်။
အဲဒီနောက်မှာတော့ ၂၀၂၄ ခုနှစ် စက်တင်ဘာလမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ စစ်ကောင်စီ ခေါင်းဆောင်တစ်ယောက်အဖြစ်နဲ့ တရုတ်နိုင်ငံကို ပထမဆုံးအကြိမ်သွားရောက်ခဲ့ပါတယ်။
သတင်းဌာနအသီးသီးရဲ့ မကြာသေးတဲ့ရက်သတ္တပတ်တွေအတွင်းဖော်ပြခဲ့တဲ့သတင်းတွေအရ တရုတ်အစိုးရနဲ့ မြန်မာစစ်ကောင်စီတို့ဟာ လက်ရှိမြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ပြည်တွင်းစစ်ဘေးကနေ တရုတ်ဝန်ထမ်းတွေနဲ့ တရုတ်စီမံကိန်းတွေကိုကာကွယ်ဖို့ ပူးတွဲလုံခြုံရေးကုမ္ပဏီတစ်ခုထူထောင်နေတယ်လို့ သိရပါတယ်။ အခုလို ပူးတွဲလုံခြုံရေးကုမ္ပဏီတစ်ခုထူထောင်နေတယ်ဆိုတာက ကောင်းတဲ့ကိစ္စတော့လည်းမဟုတ်ဘူးပေါ့။
ပြီးခဲ့တဲ့နှစ်အတွင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ “၁၀၂၇ စစ်ဆင်ရေး” အပါအဝင် အတိုက်အခံအင်အားစုတွေက စစ်ရေးအောင်မြင်မှုတွေ ဆက်တိုက်ရရှိခဲ့ပြီးနောက်ပိုင်း ပူးတွဲလုံခြုံရေးကုမ္ပဏီတစ်ခုထူထောင်ဖို့ ဖြစ်လာပါတယ်။
အတိုက်အခံအင်အားစုတွေက တရုတ် – မြန်မာနယ်စပ်အနီးမှာရှိတဲ့ နယ်မြေအများအပြားကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ကနဦးကာလတွေတုန်းကတော့ အတိုက်အခံတွေရဲ့ နယ်မြေသိမ်းတိုက်ပွဲတွေကို တရုတ်က တိတ်တဆိတ်ထောက်ခံခဲ့ပုံပေါ်ပါတယ်။ အဲဒီလိုထောက်ခံခဲ့တာကြောင့်ပဲ အတိုက်အခံတွေက နယ်မြေအများအပြားသိမ်းပိုက်နိုင်ခဲ့တာပါ။
မြန်မာနိုင်ငံမှာတည်ထောင်မယ်ဆိုတဲ့ တရုတ်ပုဂ္ဂလိကလုံခြုံရေးအစောင့်တွေနဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်းမသိရသေးပေမယ့် သေချာတဲ့အချက်တစ်ချက်ကတော့ တရုတ်နိုင်ငံက စစ်ကောင်စီကိုထောက်ခံဖို့ ပြတ်ပြတ်သားသားဆုံးဖြတ်ခဲ့တယ်ဆိုတာပါ။
တရုတ်က ပုဂ္ဂလိကလုံခြုံရေးကော်ပိုရေးရှင်းတွေကို တိုးမြှင့်သုံးစွဲလာခြင်း
ပုဂ္ဂလိကလုံခြုံရေးကော်ပိုရေးရှင်းတွေနဲ့ ပုဂ္ဂလိကစစ်ရေးကော်ပိုရေးရှင်းတွေကို နိုင်ငံတကာအစိုးရတွေက ပိုပြီး အသုံးပြုလာနေပါတယ်။ ဒီလိုအသုံးပြုလာတာကလည်း သံတမန်ရေးအရအရှုပ်အထွေးမရှိဘဲ ကိုယ့်နိုင်ငံမဟုတ်တဲ့တခြားနိုင်ငံမှာပါ ကိုယ့်ဩဇာအာဏာကို ပြသနိုင်တဲ့အတွက်ကြောင့်ပါ။
ပုဂ္ဂလိကလုံခြုံရေးကော်ပိုရေးရှင်းတွေဟာ နိုင်ငံတစ်နိုင်ငံမှာရှိတဲ့ဝန်ထမ်း ဒါမှမဟုတ် ပိုင်ဆိုင်မှုတွေကိုကာ ကွယ်ပေးဖို့အတွက်လိုအပ်တဲ့ အခြေခံလုံခြုံရေးဝန်ဆောင်မှုတွေကို ဆောင်ရွက်ပေးပါတယ်။ နောက်ထပ် မျက်နှာစာတစ်ခုဖြစ်တဲ့ ပုဂ္ဂလိကစစ်ရေးကော်ပိုရေးရှင်းတွေကတော့ အစိုးရတွေ ဒါမှမဟုတ် အခြားသောသူတွေအတွက် ပိုပြီးနက်ရှိုင်းတဲ့စစ်ရေးဆိုင်ရာဝန်ဆောင်မှုတွေကို ဆောင်ရွက်ပေးပါတယ်။ အဲဒီလိုဆောင်ရွက်ပေးတဲ့နေရာမှာလည်း သောင်းကျန်းသူနှိမ်နင်းရေး ဒါမှမဟုတ် စစ်ဆင်ရေးနဲ့ စစ်ရေးလေ့ကျင်မှုမျိုး တွေ ပါဝင်နိုင်ပါတယ်။
(မြန်မာနိုင်ငံမှာတည်ထောင်မယ်ဆိုတာက ပုဂ္ဂလိကလုံခြုံရေးကော်ပိုရေးရှင်းလား? ပုဂ္ဂလိကစစ်ရေးကော်ပိုရေးရှင်းလား.?ဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ ဘာသာပြန်သူ)
တရုတ်ပုဂ္ဂလိကလုံခြုံရေးကော်ပိုရေးရှင်းတွေနည်းတူ ရုရှားမှာ ဝဂ်နာအုပ်စုနဲ့ အမေရိကန်မှာ Blackwater ကုမ္ပဏီတွေလို ပုဂ္ဂလိကလုံခြုံရေးကော်ပိုရေးရှင်းများစွာ ရှိနေပါသေးတယ်။
တရုတ်နိုင်ငံမှာ ၂၀၀၉ ခုနှစ်အတွင်း ဥပဒေပြုရေးနဲ့သက်ဆိုင်တဲ့ အပြောင်းအလဲတွေဖြစ်ပေါ်ခဲ့ပြီး ပုဂ္ဂလိက လုံခြုံရေးလုပ်ငန်းတွေကို တိုးချဲ့ခဲ့ပါတယ်။ ပြည်တွင်းမှာရှိတဲ့ အော်ပရေတာထောင်ပေါင်းများစွာက တရုတ် နိုင်ငံမှာရှိတဲ့ ပုဂ္ဂလိကပိုင်ဆိုင်မှုတွေကိုကာကွယ်ပေးဖို့ ကူညီခဲ့တဲ့အပြင် အာရှအလယ်ပိုင်းကနေ အာဖရိကအထိ နိုင်ငံရပ်ခြားမှာ တရုတ်ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီဒါဇင်ပေါင်းများစွာ လည်ပတ်နေပါတယ်။
တရုတ်ပုဂ္ဂလိကလုံခြုံရေးကော်ပိုရေးရှင်းတွေဟာ ယေဘုယျအားဖြင့်တော့ တိုက်ခိုက်ရေးနဲ့ဆိုင်တဲ့ကဏ္ဍတွေကို ရှောင်ရှားလေ့ရှိကြပြီး တရုတ်နိုင်ငံရဲ့ BRI စီမံကိန်းနဲ့ဆက်စပ်နေတဲ့ အခြေခံအဆောက်အအုံဆိုင်ရာ စီမံကိန်းတွေ၊ လူပုဂ္ဂိုလ်တွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကာကွယ်ပေးဖို့ကိုသာ အာရုံစိုက်လေ့ရှိပါတယ်။
မြန်မာနိုင်ငံမှာ တရုတ်ပုဂ္ဂလိကလုံခြုံရေးကော်ပိုရေးရှင်း ၄ ခုရှိနေပြီးဖြစ်တယ်ဆိုတဲ့ သတင်းတွေထွက်ပေါ် နေပေမယ့် အခုတည်ထောင်မယ့် ပူးတွဲလုံခြုံရေးကုမ္ပဏီအသစ်က အရင်ရှိပြီးဖြစ်တဲ့လုံခြုံရေးကုမ္ပဏီတွေရဲ့ နယ်ပယ်နဲ့ အရေအတွက်ကို ထပ်ပြီချဲ့ထွင်မယ့်သဘောပါ။
တရုတ်နိုင်ငံရဲ့ အဓိကကျတဲ့မဟာဗျူဟာစီမံကိန်းက မြန်မာ – တရုတ် စီးပွားရေးစင်္ကြံဖြစ်ပြီး တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ကနေ မြန်မာနိုင်ငံအနောက်ဘက်ကမ်းရိုးတန်းမှာရှိတဲ့ ရခိုင်ပြည်နယ် ကျောက်ဖြူ မြို့ကိုဆက်သွယ်ပေးမယ့်ရထားလမ်းနဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း ၂ ခုပါဝင်ပါတယ်။ ကျောက်ဖြူမှာပဲ တရုတ်နိုင်ငံက ဆိပ်ကမ်းတည်ဆောက်နေပါတယ်။
အဲဒီပိုက်လိုင်းတွေဟာ ရှမ်းပြည်နယ်နဲ့ မန္တလေးတိုင်းဒေသကြီးမှာတည်ရှိတဲ့ မတူညီတဲ့တိုင်းရင်းသားလက် နက်ကိုင်တပ်ဖွဲ့တွေက ထိန်းချုပ်ထားတဲ့နယ်မြေတွေကို ဖြတ်သန်းပြီးသွယ်တန်းထားပါတယ်။ ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့အဖွဲ့ဝင်ဖြစ်တဲ့ အာရက္ခတပ်တော်ကလည်း ကျောက်ဖြူမြို့အနီးတဝိုက်ကနယ်မြေတွေကို ထိန်းချုပ်ထားပါတယ်။
ဒါ့အပြင် အတိုက်အခံအင်အားစုတွေက စစ်ကိုင်းတိုင်းဒေသကြီး တကောင်းမှာရှိတဲ့ တရုတ်ပိုင်နီကယ် စက်ရုံနဲ့ မန္တလေးတိုင်းဒေသကြီးမှာရှိတဲ့ တရုတ်ကျောထောက်နောက်ခံပြု ဘိလပ်မြေစက်ရုံတို့ကို သိမ်းပိုက်ထားပါတယ်။
ဖြစ်နိုင်ခြေရှိတဲ့ သက်ရောက်မှုတွေက ဘာလဲ?
ပုဂ္ဂလိကလုံခြုံရေးကော်ပိုရေးရှင်းတွေက တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) နဲ့ သီးခြားစီ ဖြစ်တယ်လို့ဆိုပေမယ့် တရုတ်အစိုးရရဲ့ထိန်းချုပ်မှုအောက်မှာရှိပါတယ်။ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၊ ပြည်သူ့လက်နက်ကိုင်ရဲတပ်ဖွဲ့စတဲ့ လုံခြုံရေးတပ်ဖွဲ့တွေက အနားယူထားသူတွေ၊ ခေါ်ယူထားသူတွေနဲ့ ပုဂ္ဂလိကလုံခြုံရေးကော်ပိုရေးရှင်းတွေကို ဖွဲ့စည်းထားပါတယ်။
ခေတ်မီလက်နက်မျိုးစုံတပ်ဆင်ထားတဲ့ ပုဂ္ဂလိကလုံခြုံရေးကော်ပိုရေးရှင်းတွေဟာ သတင်းထောက်လှမ်း တာ၊ ဆက်သွယ်ရေးနဲ့ပတ်သက်တာတွေမှာ အဆင့်မြင့်နည်းပညာတွေကို အသုံးပြုထားပါတယ်။ တရုတ်ပုဂ္ဂ လိကလုံခြုံရေးကုမ္ပဏီဆိုတာ တရုတ်စစ်တပ်စေလွှတ်ဖို့မသင့်တော်တဲ့ ပြည်ပနေရာတွေကိုစေလွှတ်ဖို့ အသွင်ပြောင်းထားတဲ့ တရုတ်စစ်တပ်ပုံစံငယ်တစ်မျိုးပါပဲ။
မြန်မာနိုင်ငံမှာ တရုတ်ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီထားရှိခြင်းက နှစ်ဖက်တိုက်ပွဲတွေအတွင်း တရုတ်နိုင်ငံသားတွေဖမ်းမိနိုင်ခြေနဲ့ သေဆုံးနိုင်ခြေကို ပိုပြီးမြင့်မားစေပါတယ်။
မကြာသေးခင်ကပဲ ဆီးရီးယားနိုင်ငံက အာဆတ်အစိုးရပြိုလဲသွားခဲ့ပါတယ်။ ဒါကိုကြည့်ရင် အတိုက်အခံတွေရဲ့ ကျယ်ပြန့်တဲ့စစ်ဆင်ရေးတွေက အာဏာရှင်အစိုးရတွေကို အလျင်အမြန်ပြိုလဲသွားစေနိုင်တယ်ဆိုတာတွေ့မြင်နိုင်ပါတယ်။
ပြည်သူတွေနှစ်ခြိုက်သဘောကျတဲ့ အတိုက်အခံခေါင်းဆောင်တွေအပေါ် အကြမ်းဖက်လေ့ရှိတဲ့အစိုးရတွေ အနေနဲ့ ထင်မှတ်မထားတဲ့ဆုံးရှုံးမှုတွေကို ရင်ဆိုင်ရနိုင်ပါတယ်။ အဲဒီလိုရင်ဆိုင်ရချိန်မှာတော့ အကြမ်းဖက် အစိုးရတွေကို ကျောထောက်နောက်ခံပြုပေးခြင်းက စီးပွားရေးနဲ့စစ်ရေးပိုင်ဆိုင်မှုတွေကို ဆုံးရှုံးစေနိုင်ပါတယ်။ ဥပမာ – ရုရှားနဲ့အီရန်ကိုကြည့်ပါ။ တရုတ်နိုင်ငံဟာ ဒီလိုအကျိုးဆက်တွေအပေါ် အသေအချာစဥ်းစားသင့်ပါတယ်။
လက်ရှိအချိန်မှာတော့ မြန်မာစစ်ကောင်စီဟာ သူ့မဟာမိတ်ရဲ့စီးပွားရေးနဲ့ ဗျုဟာမြောက်အကျိုးစီးပွားတွေအတွက် လုံခြုံရေးတောင်မပေးနိုင်တော့တဲ့အခြေအနေမျိုးနဲ့ကြုံနေရတာကြောင့် တရုတ်လုံခြုံရေးတပ်ဖွဲ့ တွေရဲ့ပါဝင်ပတ်သက်မှုဟာ မြန်မာစစ်တပ်အတွက်တော့ အရှက်ရစရာပါပဲ။
ဒီအခြေအနေတွေကြောင့်လည်း မြန်မာစစ်ကောင်စီဟာ တရုတ်အပေါ် အရင်ကထက်ပိုပြီး အားကိုးအားထားပြုလာနေရပါတယ်။ အာဏာသိမ်းပြီးချိန်ကတည်းက ရုရှားနိုင်ငံဟာ မြန်မာစစ်တပ်ကို လက်နက်တွေ အဓိကကူညီပံ့ပိုးပေးခဲ့တာမှန်ပေမယ့် တရုတ်နိုင်ငံဟာ မြန်မာစစ်ကောင်စီနဲ့ စီးပွားရေး၊ စစ်ရေးအရထိတွေ့ ဆက်ဆံမှုတွေမှာ အခရာကျနေတုန်းပါပဲ။
တရုတ်လုံခြုံရေးတပ်ဖွဲ့တွေဟာ အတိုက်အခံတွေရဲ့ စီးပွားရေးနဲ့လူမှုရေးဆိုင်ရာကြိုးပမ်းမှုတွေကို ပိုပြီးရှုပ်ထွေးလာစေပါတယ်။ နောက်ပြီး ဗမာပြည်ကွန်မြူနစ်ပါတီပြိုကွဲပြီးနောက်ပိုင်းပေါ်ပေါက်လာခဲ့တဲ့ တရုတ်နွယ်ဖွားတွေလည်းပါဝင်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအပေါ် တရုတ်ရဲ့ထောက်ခံမှုတွေ ကန့်သတ်သွားမယ်လို့လည်း ဆိုလိုရာရောက်ပါတယ်။ ဒီအချက်က ပြည်တွင်းအတိုက်အခံတွေကို ကိုယ်ပိုင် လက်နက်ငယ်ထုတ်လုပ်မှုတွေဆီ တွန်းပို့သွားနိုင်ပါတယ်။ ဒါ့အပြင်အတိုက်အခံတွေဟာ ရေရှည်မှာတော့ တရုတ်နိုင်ငံရဲ့လွှမ်းမိုးမှုတွေကို လျှော့ချလာနိုင်ပါလိမ့်မယ်။
နောက်ဆုံးမှာတော့ မြန်မာနိုင်ငံမှာတည်ထောင်မယ့် တရုတ်လုံခြုံရေးတပ်ဖွဲ့တွေကြောင့် မြန်မာနိုင်ငံတဝန်း လုံးမှာ တရုတ်ဆန့်ကျင်ရေးစိတ်ဓာတ်တွေကို ပိုပြီးခိုင်မာလာပါလိမ့်မယ်။ ဥပမာအနေနဲ့ ဖော်ပြရမယ်ဆို ရင် ပြီးခဲ့တဲ့အောက်တိုဘာလတုန်းကပဲ မန္တလေးမှာရှိတဲ့ တရုတ်ကောင်စစ်ဝန်ရုံး ဗုံးခွဲတိုက်ခိုက်ခံခဲ့ရပါတယ်။
ဒေသတွင်းသက်ရောက်မှုတွေက ဘာလဲ?
တရုတ်အစိုးရနဲ့ မြန်မာစစ်ကောင်စီကြားက ဖြစ်ပေါ်တိုးတက်မှုတွေကို အိန္ဒိယနိုင်ငံက စိုးရိမ်စိတ်နဲ့စောင့်ကြည့်နေမယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပါပဲ။ နှစ်နိုင်ငံကြား ပူးတွဲလုံခြုံရေးကုမ္ပဏီတည်ထောင်မယ့်အစီအစဥ်တွေကို ဆက်ပြီးအကောင်အထည်ဖော်ခဲ့မယ်ဆိုရင်တော့ အိန္ဒိယက ကြီးကြီးမားမားရင်းနှီးမြှုပ်နှံထားတဲ့ လမ်းဖောက်လုပ်ရေးစီမံကိန်းကြီးတွေတည်ရှိရာရခိုင်ပြည်နယ်တလျှောက်မှာ တရုတ်လုံခြုံရေး တပ်အရေအတွက် တိုးမြှင့်လာပါလိမ့်မယ်။
(အိန္ဒိယအစိုးရဟာ သူ့ရဲ့ဗျူဟာမြောက် ကုလားတန်စီမံကိန်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ စစ်တွေဆိပ်ကမ်းကို နှစ်နိုင်ငံကုန်သွယ်ရေးဆိပ်ကမ်းကနေ နိုင်ငံတကာကုန် သွယ်ရေးဆိပ်ကမ်းတစ်ခုအဖြစ်တိုးမြှင့်လုပ်ကိုင်ဖို့ နှစ်နိုင်ငံကြားသဘောတူညီမှုရရှိထားပါတယ်။
ကုလားတန်စီမံကိန်းကို ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်ကတည်းက ရခိုင်ပြည်နယ်စစ်တွေမြို့နဲ့ ချင်းပြည်နယ်ပလက်ဝမြို့တွေ မှာတည်ဆောက်နေတာဖြစ်ပြီး ပလက်ဝကနေ အိန္ဒိယနိုင်ငံအရှေ့မြောက်ဘက် မီဇိုရမ်ပြည်နယ်ကိုဦးတည်တဲ့ ကုန်သွယ်ရေးလမ်းကြောင်းကိုလည်း ဖောက်လုပ်နေပါတယ်။ ဘာသာပြန်သူ)
တရုတ်တပ်တွေကို သူတို့ရဲ့အိမ်တံခါးဝမှာထားမယ့်ကိစ္စကို မြန်မာနိုင်ငံနဲ့အိမ်နီးချင်းတွေဖြစ်တဲ့ ထိုင်းနဲ့ဘင်္ဂ လားဒေ့ရှ်တို့ကစိုးရိမ်နေကြလိမ့်မယ်ဆိုတာက သံသယရှိစရာမလိုပါဘူး။ စစ်ကောင်စီအသက်ဆက်ဖို့ တရုတ်နိုင်ငံကကူညီနေချိန်မှာပဲ အာဆီယံကလည်း ပဋိပက္ခမှာပိုပြီးပါဝင်လာနိုင်မယ့် နိုင်ငံရေးဖြေရှင်းချက် တစ်ရပ်ကို ဆက်ပြီးတောင်းဆိုနေဖို့လိုပါတယ်။
မြန်မာနိုင်ငံမှာ တရုတ်လုံခြုံရေးအော်ပရေးရှင်းတွေ တိုးမြှင့်ဆောင်ရွက်လာနေတဲ့အပေါ် အာဆီယံက နှစ်သက်သဘောကျနေမှာတော့မဟုတ်ပါဘူး။
__________________________
” Adam Simpson” ရေးသားသော ” China putting private security company boots on ground in Myanmar” ကို ဆီလျော်အောင်ရေးသားသည်။