သံလွင်ခက်
ဒီဇင်ဘာ ၁၈၊ ၂၀၂၄။
၂၉ နှစ်ကြာ လက်လွှတ်ခဲ့ရသည့် ကရင် အမျိုးသား အစည်းအရုံး – KNU ၏ ဌာနချုပ်တည်ရှိရာ မာနယ်ပလောကျေးရွာကို ဒီဇင်ဘာ ၁၆ ရက်က KNU နှင့် ပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တို့က အပြီးတိုင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီဟု ရှေ့တန်းရဲဘော်များထံက သိရသည်။
မာနယ်ပလောကျေးရွာရှိ စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခ.မ.ရ – ၉၁၃ နှင့် အမြောက်တပ်ခွဲ – ၃၁၁ ကို အပြီးတိုင် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်ဟု Force for Federal Democracy – FFD တပ်ဖွဲ့၏ ဒုတာဝန်ခံ အောင်အောင် က သံလွင်ခက်ကို ပြောသည်။
“မာနယ်ပလော စခန်းတစ်ခုလုံးကို သိမ်းပိုက်နိုင်တာ ပေါ့နော်၊ ဒီမှာလည်း ကျွန်တော်တို့ အခြား သိမ်းပိုက်ရရှိတဲ့ စစ်လက်နက်များစွာ ရှိတယ်။ သုံ့ပန်းတော့ လောလောဆယ် မရရှိသေးဘူးဗျ” ဟု ပြောသည်။
အဆိုပါ တပ်စခန်း နှစ်ခုကို တစ်ပြိုက်နက် ထိုးစစ်ဆင်တိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး တပ်စခန်းတစ်ခုလုံး သိမ်းပိုက်ရရှိရန် နှစ်ဝက်ခန့် ကြိုးစားခဲ့ရသည်ဟုလည်း သိရသည်။
မာနယ်ပလော ကျေးရွာသည် KNU တပ်မဟာ – ၇ ထိန်းချုပ်သည့်နယ်မြေတွင် တည်ရှိပြီး ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် – KNLA ၏ စစ်ရေးဦးဆောင်မှုအောက်တွင် တပ်မဟာ ၇ ကွန်မန်ဒိုတပ်ခွဲ၊ ကရင်အမျိုးသား ကာကွယ်ရေး အဖွဲ့အစည်း – KNDO တပ်ခွဲ၊ တပ်ရင်း ၂၂ အပါအဝင်၊ တပ်မဟာ ၅ ကွန်မန်ဒိုတပ်ခွဲ နှင့် FFD Drone တပ်ဖွဲ့၊ မြေပြင်ချေမှုန်းရေးတပ်ဖွဲ့၊ တပ်မဟာ ၇ drone အဖွဲ့၊ federal wings drone အဖွဲ့ တို့ ပူးပေါင်းပြီး တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ထို့ပြင် မာနယ်ပလောကျေးရွာဆိုသည်မှာ ကရင်အမျိုးသားအစည်းအရုံး – KNU အပါအဝင် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး – ABSDF၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ အမျိုးသား ဒီမိုကရေစီ အင်အားစု အပါအဝင် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ နှင့် အတိုက်အခံအဖွဲ့အစည်းများ၏ ဌာနချုပ်တည်ရှိခဲ့သည့် ကျေးရွာ ဖြစ်ခဲ့သည်။
ထို့ကျေးရွာကို ကရင်လူမျိုးများ အုပ်ချုပ်သော လွတ်လပ်သည့်ပြည်နယ် ကော့သူးလေ၏ မြို့တော်အဖြစ် အဆိုပြုခဲ့ကြသည်။ သို့သော် ၁၉၉၅ ခုနှစ် ဇန်နဝါရီ ၂၇ ရက်တွင် စစ်ကောင်စီတပ်နှင့် ဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော် – DKBA တပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့သဖြင့် လက်လွှတ်ခဲ့ရသည့် တပ်စခန်းများ၏ ဌာနချုပ်တည်ရှိရာ ကျေးရွာဖြစ်သည်။